
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ ဘွတ်ကြီးကျေးရွာ မြို့ရှောင်လမ်းမှာ ဖေဖော်ဝါရီ ၉ ရက် ည ၆ နာရီက ရပ်ထားတဲ့ ဆီဘောက်ဆာယာဥ် ဆီသိုလှောင်ကန်အတွင်းမှ သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မနေ့ည ၆ နာရီက မြို့ရှောင်လမ်းအနီးမှာ ဂါလံ ၇,၅၀၀ ဆံ့ ဆီဘောက်ဆာယာဥ်တစီးဟာ ရပ်တန့်ထားတာ ကြာပြီဖြစ်တဲ့အတွက် အနီးရှိ CNG ဂတ်စ်ဆိုင်က မသင်္ကာလို့ အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားခဲ့ရာက ဆီဘောက်ဆာယာဥ်ရဲ့ သိုလှောင်ကန်ထဲမှာ အမျိုးသား ၂ ယောက် သေဆုံးနေတာ သိရတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“၈ ရက်နေ့ကတည်းက ဆီဘောက်ဆာကား ရပ်ထားတာ၊ ၉ ရက်နေ့ ညအထိဆိုတော့ အဲဒီနားမှာရှိတဲ့ ဂက်စ်ဆိုင်က အုပ်ချုပ်ရေးမှူးရုံးကို အကြောင်းကြားလိုက်တာ၊ အုပ်ချုပ်ရေးကတဆင့် မီးသတ်ကို အကြောင်းကြားမှ ဆီဘောက်ဆာယာဥ်ရဲ့ သိုလှောင်ခန်းထဲမှာ အမျိုးသား ၂ ယောက် သေနေတာ တွေ့တာ။”
သေဆုံးနေတဲ့ အမျိုးသား ၂ ယောက်မှာ ဆီဘောက်ဆာယာဥ် မောင်းနှင်တဲ့ ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ဖြစ်ပြီး သိုလှောင်ခန်း သန့်ရှင်းရေးလုပ်ရာက အောက်ဆီဂျင်ပြတ်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“သေဆုံးသူ ၂ ယောက်က ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်ပါ။ သိုလှောင်ခန်းအတွင်းက ဆီချိုးတွေကို သန့်ရှင်းရေးလုပ်ရင်း အောက်ဆီဂျင်ပြတ်ပြီး သေတာ။”
သေဆုံးသူ အမျိုးသား ၂ ယောက်ရဲ့ ရုပ်အလောင်းတွေကို မီးသတ်တပ်ဖွဲ့က ထုတ်ယူပြီး လူမှုကယ်ဆယ်ရေးယာဥ်နဲ့ မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


