
တိုက်ကြီးမြို့နယ် ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းမှာ ဖေဖော်ဝါရီ ၆ ရက်က သင်တန်းဆရာ ရိုက်နှက်တာကြောင့် စစ်မှုထမ်းသင်တန်းသား ၂ ယောက် ဆေးရုံတင်ထားရတယ်လို့ သင်တန်းကျောင်းအနီးနေထိုင်သူတွေဆီက သိရပါတယ်။
“သင်တန်းကျောင်းက ကျွေးတဲ့ဟင်းတွေက သိုးနေလို့ အပြင်ကနေမှာစားတာ။ တပ်ကြပ်ကြီးက အဲလိုမှာစားရမလား၊ ကျောင်းကို သိက္ခာချတယ်ဆိုပြီးရိုက်တာ လမ်းတောင်မလျှောက်နိုင်ဘူး။ မနက်ကျတော့ မင်္ဂလာဒုံစစ်ဆေးရုံ ပို့လိုက်ရတယ်။ ကောင်လေး ၂ ယောက်က ၁၇၊ ၁၈ လောက်ပဲရှိဦးမယ် ငယ်ငယ်လေးတွေ။ အပတ်စဥ် ၂၁ က သင်တန်းသားလေးတွေ။”
စစ်မှုထမ်းအပတ်စဥ် ၂၁ ကို တိုက်ကြီးမြို့နယ် ဂျိုးဖြူအခြေစိုက် အမှတ် ၁ တန်းမြင့်သင်တန်းကျောင်းမှာ ဇန်နဝါရီ ၁၉ ရက်က စတင်ခဲ့ပြီး သင်တန်းသားဦးရေ ၄၇၀ ကျော်ရှိတယ်လို့ စစ်ဘက်နဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“စစ်မှုထမ်းအပတ်စဥ် ၁၉ သင်တန်းဆင်းတဲ့နေ့ညက ဖြစ်သွားတာ၊ အပတ်စဥ် ၂၁ ကလေးတွေ။ အပတ်စဥ် ၂၁ မှာ သင်တန်းသား ၄၇၈ ယောက်ရှိတယ်။ တယောက်က ဧရာဝတီက၊ တယောက်က ပဲခူးက။ တပ်ကြပ်ကြီးက ပြင်ပနဲ့ဆက်သွယ်လို့ ဆုံးမတယ်ဆိုပြီး ထုချေလွှာတင်ထားတယ်။”
ဖေဖော်ဝါရီ ၆ ရက်က ဂျိုးဖြူအခြေစိုက် တန်းမြင့်သင်တန်းကျောင်းအပါအဝင် ရန်ကုန်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ သင်တန်းကျောင်း ၄ ကျောင်းမှာ အပတ်စဥ် ၁၉ သင်တန်းဆင်းခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ တန်းမြင့်သင်တန်းကျောင်း ၁၄ ကျောင်းရှိပြီး သင်တန်းကျောင်းတွေမှာ တမရ ၁ ရန်ကုန်၊ တမရ ၂ နေပြည်တော်၊ တမရ ၃ကျိုင်းတောင်၊ တမရ ၄ သံဖြူဇရပ်၊ တမရ ၅ အင်္ဂပူ၊ တမရ ၆ အုတ်တွင်း၊ တမရ ၇ မြစ်ကြီးနား၊ တမရ ၈ ရွှေဘို၊ တမရ ၉ မင်းပြား၊ တမရ ၁၀ ကလေး၊ တမရ ၁၁ ကျိုင်းတုံ၊ တမရ ၁၂ ပလောက်၊ တမရ ၁၃ သပိတ်ကျင်းနဲ့ တမရ ၁၄ ဖရူဆို တို့ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး မတ် ၂၈ ရက်က စတင်ခေါ်ယူခဲ့ရာ အခုဆို အပတ်စဥ် ၂၂ ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ အဓမ္မ စစ်မှုထမ်း အပတ်စဉ်တခုကို လူဦးရေ ၄,၀၀၀ အနည်းဆုံးရရှိဖို့ ကြိုးပမ်းနေပြီး အပတ်စဉ်တခုနဲ့တခု လူဦးရေ မပြည့်မီတဲ့အတွက် မြင်တွေ့သမျှ လူငယ်တွေကို အရှိန်အဟုန်မြှင့် ဖမ်းဆီးနေတယ်လို့လည်း သိရပါတယ်။


