Home
မြန်မာသတင်း
မှော်ဘီတွင် မဲစာရင်းအမှားများနေသဖြင့် လဝက နှင့် အုပ်ချုပ်ရေးအဖွဲ့ စာရင်းပြန်ကောက်
DVB
·
November 29, 2025

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်မှာ မဲစာရင်းတွေမှားနေလို့ နိုဝင်ဘာ ၂၈ ရက်ကစလို့ လဝက နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက တအိမ်တက်ဆင်း ပြန်လည်ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့က မှော်ဘီ၊ ရွှေမြယာကျေးရွာမှာ လဝက နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက မှားယွင်းနေတဲ့ မဲစာရင်းတွေကို အိမ်တိုင်ရာရောက်လာပြီး ပြင်ပေးခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“မဲစာရင်းမှာ နာမည်တမျိုးကို ၃ ကြိမ်ပါတဲ့သူနဲ့၊ ၄ ကြိမ်ပါတဲ့သူနဲ့။ ပါတဲ့သူတွေကလည်း ကြံ့ခိုင်ရေးပါတီဝင်တွေချည်းပဲ။ ရွာကလူတွေ မပြောဘူး၊ အခြားပါတီတွေ ကန့်ကွက်တာနဲ့တူတယ်။ မနေ့က လဝက နဲ့ အုပ်ချုပ်ရေးက အိမ်တိုင်ရာရောက် လာပြင်ပေးတာ။”

မှော်ဘီမြို့နယ်၊ ပသီကုန်းကျေးရွာ နဲ့ ညောင်ကုန်းကျေးရွာမှာလည်း သေဆုံးသူနဲ့ ပြောင်းရွှေ့ မဲစာရင်းတွေ အများအပြားပါဝင်နေပြီး လက်ရှိနေထိုင်သူတွေ မပါတာကြောင့် ပြန်လည်စာရင်း ကောက်တာလို့ မြို့ခံတယောက်က ပြောပါတယ်။

“တကယ်နေတဲ့သူက မပါဘဲ ၂၀၂၀ က မဲစာရင်းမှာ ပါတဲ့သူတွေ ပြန်ပါလာတာ။ အဲလူတွေထဲမှာ တချို့က သေသွားပြီ၊ အချို့က ပြောင်းသွားပြီ မရှိတော့ဘူး။ သေပြီးသားသူတောင် မဲစာရင်းမှာ ၆ ခါလောက် ထည့်ထားတယ်။ လဝကရုံးက ဒီဇငဘာ ၄ ရက်အထိ ပြင်ပေးမယ်လို့ ပြောသွားတယ်။” 

မဲစာရင်းမှားယွင်းမှုကြောင့် မနေ့က လဝက အဖွဲ့နဲ့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေဟာ ရွှေမြယာကျေးရွာအုပ်စု၊ ပသီကျေးရွာအုပ်စု၊ ဆတ်သွားတောကျေးရွာအုပ်စု၊ မြောင်းတကာကျေးရွာအုပ်စုနဲ့ ညောင်ကုန်းကျေးရွာအုပ်စုမှာ စာရင်းအသစ် ပြန်လည်ကောက်ခံခဲ့ကြတာလို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၂၈ ရက် စစ်အုပ်စုပြုလုပ်မယ့် ရွေးကောက်ပွဲမှာ မှော်ဘီမြို့နယ်က ကြံ့ခိုင်ရေးအပါအဝင် ပါတီ ၈ ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ဝင်ပြိုင်မှာဖြစ်ပါတယ်။

စစ်အုပ်စုက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီပေါင်း ၅၇ ပါတီက ကိုယ်စားလှယ်ပေါင်း ၅,၀၀၀ ကျော်ဝင်ပြိုင်မှာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်လို့ ပြည်သူတွေ ဝိုင်းဝန်းကန့်ကွက်ရှုတ်ချကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013