
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်တပ်ပါတီ ကြံ့ခိုင်ရေးရုံးကို နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီကျော်လောက်မှာ လက်လုပ် နာနတ်သီးဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ကနေ သိရပါတယ်။
မြို့ပြကြွက်အဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ ကြံ့ခိုင်ရေးရုံး ဂိတ်အနီး ကျရောက်ပေါက်ကွဲတာကြောင့် ဂိတ်အတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်နဲ့ ပြည်သူ့စစ် ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
“ညကဂိတ်ထဲမှာ ထိုင်သောက်နေကြတာတော့ ၆ ယောက်လောက်ရှိမယ်။ ဒီမနက် သိရသလောက်တော့ စစ်သား ၂ ယောက်ကတော့ သေဖို့များမယ်။ သူတို့ဘေးနားကို အသီးတွေ ကျတာဆိုတော့လေ။ ညက ဘာမှမဖြစ်သလို သတင်းဖုံးထားတယ်။ အရင်ကတော့ ရုံးစောင့်ဖို့ ငှားထားပြီးတဲ့ ပြည်သူ့စစ်တွေပဲရှိတာ။ အခုရက်ပိုင်းမှ စစ်သားတွေရောက်နေတာ။”
ပစ်ခတ်တိုက်ခိုက်မှုအပြီးမှာ မှော်ဘီကြံ့ခိုင်ရေးပါတီရုံးအတွင်းကနေ ရမ်းသန်း ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးတွေပါ ဖြတ်တောက်ပြီး စစ်ကားတစီးနဲ့ လမ်းပိတ်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။
မြို့ပြကြွက်အနေနဲ့ မှော်ဘီမြို့နယ် ကြံ့ခိုင်ရေးပါတီရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တာ ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်ကောင်စီရဲ့ တရားမဝင်ရွေးကောက်ပွဲကို တရားဝင်ဖြစ်ရေးအတွက် ကြိုးပမ်းနေမှုတွေကို တားဆီးဖို့နဲ့ စစ်ကောင်စီရဲ့ ပြည်သူလူထုအပေါ် မတရားဖမ်းဆီး စစ်မှုထမ်းခိုင်းနေမှုတွေကို လက်တုံ့ပြန်တိုက်ခိုက်သွားမယ်လို့လည်း ပြောထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူအပေါ် ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေ တရားဝင်ဖြစ်ရေးအတွက် ရွေးကောက်ပွဲအား အယောင်ပြလုပ်ဆောင်နေတာကို မြို့ပြကြွက်အဖွဲ့အနေနဲ့ ဆန့်ကျင်ကန့်ကွက်ထားသလို ပူးပေါင်းဆောင်ရွက်ခြင်းမလုပ်ကြဖို့လည်း သတိပေးထားတယ်။
နိုဝင်ဘာ ၁ ရက်ကလည်း မြို့ပြကြွက်အဖွဲ့က သာကေတမြို့နယ် ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါသေးတယ်။


