
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီရုံးကို အောက်တိုဘာ ၁၅ ရက်မနက် ၉ နာရီလောက်မှာ ပြင်းအားမြင့် မိုင်းတလုံး၊ လက်ပစ်ဗုံး ၂ လုံးတို့နဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။
Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရည်မှန်းထားတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့ကာ ထိခိုက်မှု အခြေအနေကိုတော့ စုံစမ်းနေဆဲလို့ ဆိုပါတယ်။
Yangon Army တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က “တရားမဝင်ရွေးကောက်ပွဲမှာ ပါဝင်နေတဲ့ အရာမှန်သမျှကို တိုက်ခိုက်သွားမှာပါ။ စစ်ကောင်စီက ပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲမှာ အားတက်သရော လုပ်ဆောင်နေသူတွေရော၊ ဝင်ရောက်ယှဥ်ပြိုင်မယ့် အမတ်တွေရော သတိထားကြပေါ့။ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူအားလုံးကို ခုလို ရတဲ့နည်းနဲ့ တိုက်ခိုက်သွားမှာ” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ အားတက်သရော လိုက်ပါလုပ်ဆောင်ပေးနေသူတွေရဲ့ စာရင်းကို အသေးစိတ်ပြုစုထားပြီးဖြစ်လို့ သတိကြီးကြီးထားကြဖို့နဲ့ အဆိုပါစာရင်းထဲက သူတွေဆီကိုလည်း အရောက်လာမှာဖြစ်ပြီး ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမှာလို့ ဆိုပါတယ်။
စက်တင်ဘာ ၃၀ ရက် ညကလည်း မြောက်ဥက္ကလာပမြို့နယ်၊ အမှတ် ၂၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရသွားတယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ကနေ သိရပါတယ်။




