
မန္တလေးတိုင်း၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်းပေါ်မှာ ဖြတ်သန်းသွားလာနေတဲ့ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ယာဉ် လက်ပစ်ဗုံးနဲ့ အပစ်ခံရပြီး ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ရဲကားအပြာရောင်ဟာ မနေ့ အောက်တိုဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက်က မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ ပညာရေးကောလိပ်ရှေ့ အရောက်မှာ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း နယူးစတား တည်းခိုခန်းအနီးမှာ ယာဉ်တွေကို စစ်ဆေးပြီး ပြန်လာတဲ့ ရဲကားပါ။ လမ်းမှာ တိုက်ခိုက်ခံရတာ၊ သေဆုံးမှုမရှိပါဘူး” လို့ ပြောပါတယ်။
အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပါလာတဲ့ကားကို ဆိုင်ကယ် မောင်းလာတဲ့ လူငယ် ၂ ယောက်ထဲက အနောက်ကနေ ပါလာတဲ့ လူငယ်က ရဲကားပေါ်ကို လက်ပစ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တာလို့ သိရပါတယ်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “လက်ပစ်ဗုံးထိတဲ့ ရဲတွေက တပ်သားအဆင့်တွေပါ။ ၂ ယောက်က ဒဏ်ရာနည်းနည်းများတယ်။ အခုမနက် ထပ်သိရတာတော့ မစိုးရိမ်ရဘူးလို့ ပြောတယ်။ ယာဉ်ကတော့ နည်းနည်းပျက်စီးသွားတယ်။ တရားခံဖမ်းမိတာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်နဲ့ ရဲတွေက တရားခံတွေက မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းအတိုင်း မောင်းသွားတယ်ဆိုပြီး ကားလမ်းတလျှောက်မှာ ပိတ်ဆို့ စစ်ဆေးတာတွေ လုပ်နေပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းအထိ ဖမ်းမိတာ မရှိသေးဘူးလို့ သိရပါတယ်။
ရဲကား တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။




