
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ မိုးရေချိန်များပြီး မုန်တိုင်ဆည် ရေလျှံလာလို့ ဒီနေ့ အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ဆည်မြောင်းဌာန တာဝန်ရှိသူတွေက ဖောက်ချလိုက်တာကြောင့် ဓမ္မသုခ ရွှေစည်းခုံဘုရားအနီးက လမ်း ရေကျော်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာ ၃၀ ရက်ကစလို့ မိုးသည်းထန်စွာရွာပြီး မုန်တိုင်ဆည် ရေလျှံလာတာကြောင့် ဆည်ကျိုးမှာ စိုးရိမ်လို့ဆိုပြီး မိတ္ထီလာကန်ထဲကို ရေတွေဖောက်ချလိုက်တာကြောင့် လမ်းကို ရေကျော်လာတာလို့ ဆိုပါတယ်။
မိတ္ထီလာဒေသခံတယောက်က “ရေကြီးတာမဟုတ်ဘူး။ မုန်တိုင်ဆည်ကလျှံလို့ ထီလာကန်ထဲ ရေလွှတ်လို့ ရေကျော်တာပါ။ ကမ်းနားဝန်းကျင်လောက်ပဲ ရေနည်းနည်းဝင်တာပါ။ ထီလာကန်ကူးတဲ့ တံတားကြီးကတော့ မကျော်ဘူး။ အခု ရေကျော်နေတဲ့နေရာက တံတားဘက်ကမကူးဘဲ ဖြတ်လမ်းက ကူးတဲ့နေရာ” လို့ ပြောပါတယ်။
ဆည်ဖောက်ချတာကြောင့် မိတ္ထီလာကန် အနီးဝန်းကျင်က ရပ်ကွက်တွေထဲ ရေဝင်ရောက်လာတာရှိပြီး မိုးကလည်း ဆက်ကြီးနေတာကြောင့် ၃ ရက်လောက် ရေပြန်ကျမယ့် အခြေအနေမှာ ရှိမနေဘူးလို့ ဆိုပါတယ်။
ဒေသခံတယောက်ကလည်း “မိုးများရင် အမြဲဖြစ်တယ်လေ။ ကမ်းနားနေတဲ့ နေအိမ်လောက်ပဲ ရေဝင်တယ်။ ဆည်ကျိုးမှာကြောက်လို့ ဖောက်ချတာ ထင်တယ်။ အခုထိတော့ အခြေအနေ အရမ်း မဆိုးသေးဘူး။ ဖြစ်နေကျပါပဲ။ မြို့ထဲတော့ ရေမဝင်နိုင်ဘူး။ အမြင့်ဘက်ရောက်တယ်” လို့ ပြောပါတယ်။
မိုးသည်းထန်ပြီး မြစ်၊ ချောင်းရေတွေ တိုးလာတာကြောင့် ရှမ်းအရှေ့၊ မကွေး၊ ပဲခူး၊ မန္တလေးတိုင်းက နေရာတချို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်နေပါတယ်။