
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၊ တပျော်ကျေးရွာက အုပ်ချုပ်ရေးမှူးတယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပစ်သတ်ခံရသူဟာ အသက် ၆၀ ကျော်အရွယ်ရှိ ဦးရွှေတင် ဆိုသူဖြစ်ပြီး ဩဂုတ် ၁၂ ရက် နေ့လယ် ၂ နာရီခန့်က နေအိမ်မှာရှိနေချိန် သေနတ်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ဟုတ်တယ်၊ သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ။ သေနတ်သံကြားပြီး သိပ်မကြာဘူး အုပ်ကြီး ပစ်သတ်ခံရတာလို့ သိရတာပဲ။ သေနတ်သမားတွေကို မတွေ့လိုက်ပါဘူး။ တွေ့တဲ့သူတွေပြောတာ မျက်နှာကို အနက်ရောင် မတ်စ်တွေနဲ့ အုပ်ထားတာ” လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်ခံရလို့ အုပ်ချုပ်ရေးမှူး ဦးရွှေတင်ဟာ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ ကျည်ထိဒဏ်ရာတွေနဲ့ တခါတည်း သေဆုံးသွားပြီး သေဆုံးသူ ဦးရွှေတင်ရဲ့သားဟာ စစ်တပ်က ဗိုလ်ကြီးတယောက်ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူက “ပစ်သတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲနဲ့ ပြည်သူ့စစ်တွေက သေနတ်သမားတွေကို အသည်းအသန် လိုက်လံရှာဖွေနေတယ်။ ဒီနေ့ ၁၃ ရက်နေ့ အထိတော့ ဖမ်းမိတယ်လို့ မကြားမိသေးပါဘူး” လို့ ပြောပါတယ်။
အုပ်ချုပ်ရေးမှူး ဦးရွှေတင်ဟာ စစ်အာဏာသိမ်းပြီး တနှစ်နီးပါးအကြာမှာ စစ်တပ်ကို ငွေသိန်းရာချီ လာဘ်ထိုးပြီး အုပ်ချုပ်ရေးမှူး ဖြစ်လာတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်ကလည်း မိတ္ထီလာမြို့နယ်၊ ရေချိုကျေးရွာနဲ့ မိတ္ထီလာမြို့အကြားမှာ မိတ္ထီလာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတယောက် ပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။