
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ၊ မိတ္ထီလာသူနာပြုကျောင်းမှာ သူနာပြုသားဖွား ဒီပလိုမာသင်တန်း တက်နေတဲ့ အသက် ၂၅ နှစ်အရွယ် သင်တန်းသူ မပြည့်ပြည့်ဝင်း ဩဂုတ် ၁၂ ရက် ဒီမနက်အစောပိုင်းက ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့သတ်သေသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဒီကနေ့မနက် အစောပိုင်းက မပြည့်ပြည့်ဝင်းက သင်တန်းကျောင်းဝင်းအတွင်း ရေချိုးခန်းနဲ့ကပ်နေတဲ့ အိမ်သာအတွင်းမှာ တံခါးကိုဂျက်ချကာ ဓာတ်ဆီလောင်းပြီး မီးရှို့သတ်သေခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“ကျောင်းသူတဦးက အိမ်သာတက်ဖို့ တံခါးဖွင့်မရလို့ မသင်္ကာလို့ ဖွင့်ကြည့်တော့ မီးရှို့ပြီး သေနေတာ တွေ့တာ။ ကျောင်းကလူတွေက ပရဟိတအဖွဲ့ကို ဖုန်းဆက်ခေါ်ပြီး အလောင်းကို ဆေးရုံပို့လိုက်တယ်။ ရဲဘက်သေမှုသေခင်းဖွင့်ပေမဲ့ ကျောင်းဘက်က ကျန်းမာရေးဝန်ကြီးဌာနအထိ ထုချေလွှာတင်ရတယ်။”
သေဆုံးသူမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက ကရင်နီပြည်နယ်၊ လွိုင်ကော်သူနာပြုနဲ့ သားဖွားသင်တန်းကျောင်းကနေ ပေါင်းစပ်သင်ကြားရေး အစီအစဥ်နဲ့ မိတ္ထီလာမြို့နယ် သူနာပြုသင်တန်းကျောင်းမှာ လာတက်နေတာဖြစ်ပါတယ်။
ကျောင်းနဲ့နီးစပ်သူတယောက်က “ပေါင်းစပ်သင်ကြားရေး အစီအစဥ်နဲ့ လွိုင်ကော် သူနာပြုသင်တန်းကျောင်းကနေ ၂၀၂၃ မှာ ဒီမှာ သင်တန်းလာတက်တာ၊ သူတို့အပတ်စဥ် သင်တန်းသား ၄၀ ကျော်ပါတယ်။ ဘာတွေစိတ်ညစ်စရာရှိလို့ အခုလိုလုပ်သွားလဲ မသိဘူး”လို့ ပြောပါတယ်။
မိတ္ထီလာမြို့နယ် သူနာပြုသင်တန်းကျောင်းကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညွန့်ညွန့်ရီက ဦးဆောင်နေပြီး ဒီပလိုမာသားဖွားသင်တန်း အပတ်စဥ်တခုကို သင်တန်းသား သင်တန်းသူ ၄၀ ကျော်ကနေ ၅၀ အထိ သင်တန်းပေးနေတာပါ။
ဇွန် ၉ ရက်က မိတ္ထီလာမြို့၊ သူနာပြုသင်တန်းကျောင်းမှာ သူနာပြုသားဖွားဒီပလိုမာ အပတ်စဥ် ၂၃ မှာတော့ သင်တန်းသား ၂ ယောက်နဲ့ သင်တန်းသူအယောက် ၅၀ ကို သင်တန်းဆင်းပေးခဲ့ပါတယ်။