Home
မြန်မာသတင်း
ကျွန်းစုက ရွာအုပ်ချုပ်ရေးမှူးမိသားစုအပါ ၁၀ ဦးခန့် ဖမ်းခံရ၊ ခမောက်ကြီးမြို့က စစ်တပ် သတင်းပေး ဆိုသူ ၂ ဦး ပစ်သတ်ခံရ
DVB
·
July 6, 2025

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာက ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ မိသားစုဝင်တွေအပြင် မူးယစ်ဆေးဝါးနဲ့ဆက်စပ်တဲ့ ရွာသားတချို့ကို ဇူလိုင် ၅ ရက်နေ့ မနက် ၄ နာရီခွဲလောက်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တနင်္သာရီမြို့နယ်ဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေကနေ အင်အား ၅၀ လောက်နဲ့ လာရောက်ဖမ်းဆီးတာလို့ ဆိုပြီး ဖမ်းဆီးထားတဲ့သူတွေအားလုံးကို ကားနဲ့တင်ဆောင် ခေါ်ဆောင်သွားတယ်လို့  ဒေသခံပြည်သူတယောက်က ပြောပါတယ်။

မဲတောကျေးရွာအုပ်ချုပ်ရေးမှူးကို နေအိမ်မှာ လာရောက်ရှာဖွေပေမဲ့ မတွေ့ရှိခဲ့ဘဲ သူရဲ့အမျိုးသမီး ဖြစ်သူ ဒေါ်ခင်မူ၊ သားဖြစ်သူ မောင်အန်ချွန်၊ သမီးဖြစ်သူမဟန်နီနဲ့ သမက်ဖြစ်သူတို့အား ဖမ်းဆီးလိုက်တာသိရပြီး ကျန်တဲ့ရွာသားတွေကိုတော့ မူးယစ်ဆေးဝါးနဲ့ဆက်စပ်လို့ လာရောက်ဖမ်းဆီးတာလို့ သိရကြောင်း ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က မဲတောမှာ မူးယစ်ဆေးဝါး လာဖမ်းတာ၊ တနှစ်လောက် အချိန်ယူလိုက်ရတယ်တဲ့။  အုတ်ဖိုရွာဘက်ကနေ တက်လာတော့ ဘယ်သူ သတင်းပေးလိုက်လဲ မသိဘူး။ အုပ်ချုပ်ရေးမှူးတော့ ထွက်ပြေးသွားတယ်။ သူ့မိသားစုဝင်တွေတော့ ဖမ်းလိုက်တယ်။ မူးယစ်ဆေးဝါးနဲ့ လာဖမ်းတယ်။ အဲဒီထဲက ကိုမျိုးမင်းထွေးကိုတော့  အာမခံချက်မရှိဘူးဆိုပြီး လက်နက်ကိုင်အဖွဲ့က ပြောခဲ့တယ်။ ကျန်တဲ့သူတွေတော့ ဘယ်လို ဆက်လုပ်မယ် မသိရဘူး”

လက်နက်ကိုင်အဖွဲ့ ၄ ဖွဲ့ ပူးပေါင်းလာရောက်ဖမ်းဆီးတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပြီး ဇူလိုင် ၆ ရက်နေ့မနက်ပိုင်းအထိ ဖမ်းဆီးခံထားရသူတွေ ပြန်မလွတ်လာသေးဘူးလို့လည်း သိရပါတယ်။

ဖမ်းဆီးတဲ့အဖွဲ့ထဲမှာ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်းတခု ပါတယ်လို့ သိရတာကြောင့် အဲဒီတပ်ရင်းကို DVB က ဆက်သွယ်မေးမြန်းထားပေမယ့် ပြန်မဖြေသေးပါဘူး။

မဲတောကျေးရွာမှာ ပြီးခဲ့တဲ့နှစ်တွေတည်းက တော်လှန်ရေးတပ်ဖွဲ့တွေက လာရောက်ဖမ်းဆီးတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကို အကြိမ်ကြိမ် သတိပေးတားမြစ်ခဲ့ပေမဲ့ လိုက်နာတာမရှိခဲ့ဘူးလို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့မှာတော့ စစ်ကောင်စီရဲ့သတင်းပေးဆိုသူ ၂ ယောက်ကို ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ကော့သောင်းပကဖဆီက သိရပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေတဲ့ ကော့သောင်းမြို့နယ်၊ အေးချမ်းသာရွာက ချောကလက်(ခ) ဦးမြင့်ရှိန်ကို ဇူလိုင် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်က နေအိမ်မှာ ရှင်းလင်းခဲ့ပြီး ၁၂ နာရီဝန်းကျင်မှာတော့ ဆိပ်ဖူးရွာအုပ်ချုပ်ရေးမှူး ဦးလှနိုင်ကို ကျေးရွာလမ်းပေါ်မှာ ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ကော့သောင်းပကဖ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “စကစရဲ့ ဒေါက်တိုင်တခုလည်းဖြစ်သလို တော်လှန်ရေးမှာ ဆူးငြောင့်ခလုတ်ဖြစ်နေလို့ ရှင်းလိုက်တာပါ။ သူတို့တွေက တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေ စုဆောင်းပြီး စကစကို သတင်းပေးတယ်။ ပြည်သူအပေါ် မတရား အနိုင်ကျင့်တယ်။ ကျနော်တို့ဘက်က သတိပေးတဲ့ကြားထဲက ဆက်လုပ်လာလို့ မဖြစ်မနေလုပ်ရတာပါ” လို့ ပြောပါတယ်။

ပစ်သတ်ခံရသူ အသက် ၄၂ အရွယ် ချောကလက်(ခေါ်) ဦးမြင့်ရှိန်မှာ ဦးခေါင်းကျည်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး အသက် ၅၉ နှစ်အရွယ် ဦလှနိုင်မှာတော့ ရင်ဘတ်ကျည်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကော့သောင်းမြို့နယ်ထဲက ပြည်သူတွေအနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲတာ မလုပ်ဖို့နဲ့ စစ်ကောင်စီယန္တရားမှာ ပါဝင်နေတဲ့သူတွေလည်း ပြည်သူဘက်မှာ ရပ်တည်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုလှုံကြဖို့၊ ပြည်သူလူထုအပေါ်မှာ အနိုင်ကျင့်တာတွေလုပ်လာရင် လုပ်ထုံးလုပ်နည်းအတိုင်း အရေးယူသွားမယ်လို့ ကော့သောင်းပကဖက အသိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013