
မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ စက်တင်ဘာ ၁၅ ရက် မနက် ၆ နာရီခန့်က စောင်နဲ့ထုပ်ထားတဲ့ စွန့်ပစ်အလောင်းတလောင်းကို နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းဘေးမှာ တွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးသူ အမျိုးသားဟာ အသက် ၃၀ အရွယ်ဖြစ်ပြီး စောင်အနီတထည်နဲ့ စနစ်တကျထုပ်ပိုးကာ စွန့်ပစ်ခံထားရတဲ့ အနေအထားနဲ့ တွေ့တာလို့ ဆိုပါတယ်။
သွားရောက်ကူညီခဲ့သူတယောက်က “သေဆုံးသူ အမျိုးသားက စောင်အနီနဲ့ထုပ်ပြီး ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာ၊ လက်ပြတ်ရှဒဏ်ရာ၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာ။ သတ်ဖြတ်ခံထားရတဲ့ပုံစံနဲ့ သေဆုံးနေတာ” လို့ ပြောပါတယ်။
အဲဒီအလောင်းကို မနက်ပိုင်း လမ်းလျှောက်ထွက်လာတဲ့သူက အရင်မြင်ခဲ့တာဖြစ်ပြီး သေဆုံးသူဟာ နန်းတော်ကုန်းရက်ကွက်က မဟုတ်ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “ရဲတပ်ဖွဲ့က သေဆုံးသူနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ အကြောင်းအရင်းတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။
အဲဒီအမျိုးသားရုပ်အလောင်းကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သယ်ယူပြီး မိတ္ထီလာဆေးရုံကြီး ရင်ခွင်ရုံမှာ ခွဲစိတ်စစ်ဆေးဖို့ ပို့ဆောင်ပေးခဲ့ပါတယ်။