မန္တလေးတိုင်း၊ မိတ္တီလာမြို့၊ မိတ္တီလာရေကန်ထဲမှာ တက္ကသိုလ်ကျောင်းသားတယောက်ရဲ့ ရုပ်အလောင်းကို စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းက တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိတ္တီလာမြို့၊ မြောက်ကန် ဓမ္မာသုခရွှေစည်းခုံ (ခ) ဉီးသိန်းစိန်ဘုရားရေကျော်မှာ ရေပေါ် ပေါ်လာတဲ့ အမျိုးသားရုပ်အလောင်းကို ဒေသခံတွေက စတင်တွေ့ရှိတာဖြစ်ပြီး အလောင်းဟာ ပေါက်ချောင်းရပ်ကွက်၊ နယ်မြေ ၁၁ မှာနေတဲ့ အသက် ၂၂ နှစ်အရွယ် သမိုင်းတတိယနှစ် ကျောင်းသား မောင်အောင်ခန့်မိုး ဖြစ်တယ်လို့ သိရပါတယ်။

မျက်မြင်တွေ့ရှိတဲ့သူ တယောက်က “ဒေသခံတွေက အလောင်းပေါ်လာတာကိုအရင်တွေ့တာ။ အလောင်းမှာက ညိုမဲနေတဲ့ဒဏ်ရာတွေတွေ့ရတယ်။ အလောင်းကို ပရဟိတအဖွဲ့က လာကောက်ယူသွားတယ်။ နယ်မြေ ၁၁ ဘက်မှာနေတဲ့ တက္ကသိုလ်ကျောင်းသားလို့သိရတယ်” လို့ပြောပါတယ်။
အလောင်းရဲ့နေရာအနှံ့အပြားမှာ ညိုမဲဒဏ်ရာတွေတွေ့ရှိတာကြောင့် သာမာန်ရေနစ်သေဆုံးတာ မဖြစ်နိုင်ဘူးလို့ မျက်မြင်တွေ့ရှိတဲ့သူ တွေက ဆိုပါတယ်။
သေဆုံးသူ ကျောင်းသား ရုပ်အလောင်းကို မိတ္တီလာဆေးရုံကြီး ရင်ခွဲရုံဆီကို မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မျိုးဆက်သစ် မြတ်ပါရမီအသင်း(မိတ္ထီလာ)အဖွဲ့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့နဲ့ နီးစပ်တဲ့သူတယောက်ကတော့ သေဆုံးသူနဲ့ပတ်သက်လို့ ရဲက စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ သိရပေမဲ့ အကြောင်းရင်းအသေးစိတ်တော့မသိရသေးဘူးလို့ပြောပါတယ်။
မိတ္ထီလာမြို့မှာ စက်တင်ဘာ ၁၅ ရက်ကလည်း စောင်နဲ့ထုပ်ထားတဲ့ စွန့်ပစ်အလောင်းတလောင်းကို နန်းတော်ကုန်းရပ်ကွက်နယ်မြေ၊ မြောက်ကန်စောင်း၊ ကလေးကစားကွင်းဘေးမှာ တွေ့ရှိခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။