
ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ၉ ရပ်ကွက်က ရေနုတ်မြောင်းကျယ်ထဲမှာ စက်တင်ဘာ ၂၆ ရက် မွန်းလွဲပိုင်းက ပလုံကောက်နေတဲ့ အမျိုးသမီးတယောက် ရေနစ်သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
နေမကောင်းဖြစ်နေတဲ့ ၁ နှစ်ကျော်အရွယ် ကလေးငယ်ကို ဆေးဝယ်တိုက်ဖို့ ပလုံကောက်တဲ့ အမျိုးသမီးဟာ မနေ့ မွန်းလွဲပိုင်း ၁ နာရီက ရေနုတ်မြောင်းထဲမှာ ရေသန့်ဘူးခွံတွေ ဆင်းကောက်ရင်း ရေနစ်သေဆုံးခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“ယောက်ကျ်ားနဲ့ကွဲသွားတာတောင် ကလေးကိုရအောင်မွေးတာ။ မွေးလာတော့လည်း ကလေးကိုရင်ခွင်ပိုက်ပြီး ပလုံကောက်ရှာစားတာ။ မနေ့က ကလေးနေမကောင်းလို့ ကုန်းပေါ်မှာ ပလုံကောက်ရင် ဆေးဖိုးမရမှာစိုးလို့ ရေနုတ်မြောင်းထဲဆင်းပြီး ရေသန့်ဘူးတွေကောက်တာ။ ရေနုတ်မြောင်းက ကျယ်လည်းကျယ် နယ်လည်းနက်တော့ ရေနစ်သေသွားတာ။ မိခင်စိတ်ရှိတဲ့ အမျိုးသမီးပါ။ သနားဖို့ကောင်းတယ်” လို့ ပြောပါတယ်။
သေဆုံးသူအမျိုးသမီးဟာ ဥသာမြို့သစ်၊ ၉ ရပ်ကွက်နေ အသက် ၂၉ နှစ်အရွယ် မသင်္ကြန်မိုးဖြစ်ပြီး ၂၀၂၄ ခုနှစ်က ကလေးတယောက် ရရှိချိန်မှာ ယောက်ကျ်ားဖြစ်သူက ထားခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကိုပြောပါတယ်။
“ပရဟိတအဖွဲ့တွေရယ်၊ အုပ်ချုပ်ရေးရယ်ပေါင်းပြီး မိခင်ကိုသင်္ဂြိုလ်ဖို့ စီစဉ်တယ်။ လက်ရှိ ကလေးကိုလည်း ဆေးကုပေးနေတယ်။ အမေကိုသင်္ဂြိုလ်ပြီးမှာ ကလေးကိစ္စကိုစီစဉ်ပေးရမှာ” လို့ ပြောပါတယ်။
သေဆုံးသူ မသင်္ကြန်မိုးရဲ့ ရုပ်အလောင်းကို ဆင်ဖြူကွင်းသုသာန်မှာ စက်တင်ဘာ ၂၇ ရက် သင်္ဂြိုလ်ဖို့ ပရဟိတအဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့တွေက စီစဉ်နေတယ်လို့ သိရပါတယ်။