Home
မြန်မာသတင်း
ဒီးမော့ဆိုမြို့နယ်၌ စစ်ဘေးရှောင်ကလေးငယ် ၁ ဦး ရေနစ်သေဆုံး
DVB
·
March 3, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်ကလေးငယ် တယောက် မတ် ၂ ရက်မှာ ရေနစ်ပြီး သေဆုံးခဲ့ရတယ်လို့ Jobs For Kayah က တာဝန်ရှိသူက ပြောပါတယ်။

မွန်းလွဲ ၂ နာရီဝန်းကျင်က ရေထွက်ပေါက်ရှိတဲ့ နေရာတခုမှာ ရေကစားရင်းကနေ ကလေးငယ် ၃ ယောက် ရေနစ်သွားခဲ့ပြီး ၂ ယောက်ကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့ပေမဲ့ တယောက်ကတော့ အသက်သေဆုံးသွားခဲ့ရပါတယ်။

Jobs For Kayah အဖွဲ့ တာဝန်ခံ ကိုစိုင်းနောင်က “အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးပါဗျ။ ရေထဲဆင်းတဲ့သူများလို့၊ ကလေးတွေအများကြီး ဆင်းဆော့ကြတော့။ နောက် သူတို့က ဘောင်းဘီတိုနဲ့မဟုတ်ဘဲ ဂျင်းဘောင်းဘီတွေနဲ့ဆိုတော့ တယောက်နဲ့တယောက် ဖိမိတာနေမယ်” လို့ ပြောပါတယ်။

ကျောင်းပိတ်ရက်ဖြစ်တဲ့အတွက် ကလေးငယ်တွေ ပျော်ပွဲစားသဘောမျိုးနဲ့ ရေလာကူးကြရင်းကနေ အရွယ်ရောက်ပြီးတဲ့ ကလေးငယ်တွေကြားထဲ အသက် ၁၁ နှစ်အရွယ် ကလေးငယ်လည်း ခုန်ချရင်း ရေနစ်ခဲ့တာလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်က ရေအရင်းအမြစ်ရှားပါးတဲ့နေရာ ဖြစ်တာကြောင့် စစ်ဘေးရှောင် ပြည်သူတွေက စစ်ရှောင်စခန်းတွေမှာ ရေချိုးဖို့ အခက်အခဲရှိနေပြီး ရေထွက်ရှိတဲ့နေရာတွေကို အလည်အပတ်အနေနဲ့ တကူးတက သွားရတာမျိုး ဖြစ်ပါတယ်။

အခုချိန်က နွေရာသီကျောင်းပိတ်ရက်ဖြစ်တာကြောင့် ကလေးငယ်တွေကို မိဘမျက်စိအောက်ကနေ အပျောက်မခံဘဲ ဂရုစိုက်ကြဖို့ကိုလည်း တာဝန်ရှိသူတွေက တိုက်တွန်းထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024