Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် နေအိမ်ဖောက်ထွင်းခံရမှုနှင့် ဆိုင်ကယ်ပျောက်ဆုံးမှု များလာ
DVB
·
February 20, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ နေအိမ်ဖောက်ထွင်းခံရတာနဲ့ ဆိုင်ကယ် ပျောက်ဆုံးမှုတွေ  ၂ လနီးပါးအတွင်း ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အလုပ်အကိုင် ရှားပါးတာတွေကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုများလာနိုင်တယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်မှာ ၂၀၂၄ ခုနှစ် နှစ်ဝက်လောက်ကစပြီး စစ်ဘေးရှောင်ပြည်သူတွေနဲ့ တခြားဒေသတွေက ပြည်သူတွေ ရောက်ရှိလာပြီး ဆိုင်ကယ်နဲ့ ဖုန်း အလစ်သုတ်ခိုးယူမှုတွေအပြင် အိမ်ထဲကပစ္စည်းတွေ ခိုးခံရတာတွေ ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း နေအိမ်ဖောက်ထွင်းခံရတာနဲ့ ဆိုင်ကယ်ပျောက်ဆုံးမှု ၁၀ ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး အလုပ်အကိုင် ရှားပါးတာတွေကြောင့် ခိုးဆိုးလုယက်မှုတွေ ပိုများလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ Jobs For kayah အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“အခုကတော့ အခြေအနေ ပိုဆိုးလာတဲ့သဘောမှာရှိတယ်ဗျ။ အရင်တုန်းကတော့ စစ်ရှောင်တဲတွေ အလုပ်တဲတွေမှာ ဒိုင်နမိုတွေ မ တာတွေ၊ ရေစုပ်စက် မတာတွေ အဲဒီလိုမျိုးတွေရှိတယ်ဗျ။ အဲ့လိုပျောက်နေတာတော့ နည်းနည်းကြာပြီဗျ။ ချယ်ရီကုန်းဘက်မှာဆိုရင် ဆိုင်တွေ ခဏခဏဖြစ်တယ်ပေါ့နော်။ အခုက တခြားဘက်တွေမှာပါ ဖြစ်လာတာပေါ့။”

ဖေဖော်ဝါရီ ၁၇ ရက်က ဒီးမော့ဆို အနောက်ခြမ်းက ကုန်စုံဆိုင်တခုမှာ လူ ၆ ယောက်လောက်က စျေးလာဝယ်ပြီး ဆိုင်ပိုင်ရှင်က ဈေးသည်တွေနဲ့ အာရုံများနေတဲ့အချိန်မှာ စားပွဲပေါ်က ဖုန်းကို ခိုးယူခံလိုက်ရပါတယ်။  

ဒီးမော့ဆိုမြို့နယ်မှာ စားဝတ်နေရေး အခက်အခဲတွေ ကြုံလာရတဲ့အတွက် မသမာသူတွေက အလွယ်တကူရနိုင်မယ့် နည်းလမ်းတွေကို အသုံးပြုပြီး ဖုန်းအလစ်သုတ်တာတွေ၊ ဆိုင်ကယ်ခိုးယူတာတွေနဲ့ ညဘက်တွေမှာ ဆိုင်ခန်းတွေထဲက ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ မကြာခဏ ကြုံလာရတယ်လို့ ဆိုပါတယ်။

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ခူးပလုရယ် က “လူအဝင်ထွက်များတာ မစိစစ်နိုင်တာလည်း ပါတယ်ပေါ့နော်။ အဝင်အထွက် များလာတော့ ခွဲခြားလို့ မရတာတွေပေါ့နော်။  နည်းနည်းရှုပ်ထွေးတဲ့ အနေအထားမျိုးပါ။ တဖက်မှာတော့ ဒေသန္တရ အုပ်ချုပ်ရေးဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးနဲ့ KSP ပေါ့လေ။ လူထု ပါဝင်တဲ့ လုပ်ငန်းပေါ့။ ကျနော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကျေးရွာကနေစလို့ ကျေးရွာအုပ်စု၊ မြို့နယ်အဆင့်ဆင့်သော အုပ်ချုပ်ရေးမှာ လုံခြုံရေးအစီအစဉ်ကို လူထုတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်း ပြီးတော့မှ လုပ်ဆောင်နေတာရှိပါတယ်။ ကျနော်တို့ community in policing လို့ ပြောပါတယ်။ လူထုတွေ ပါဝင်တဲ့ရဲလုပ်ငန်းပါ။ အဲဒါက တရားဥပဒေစိုးမိုးရေးအတွက် နယ်မြေလုံခြုံရေးအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ပိုပြီးတော့မှ နောက်လာမယ့်ရှေ့တွေမှာ အားထည့်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

ပစ္စည်းခိုးခံရမှုတွေဟာ အကြိမ်ရေ စိပ်လာတဲ့အတွက် ခိုးဆိုးလုယက်သူတွေကို ဖမ်းဆီးအရေးယူပေးဖို့ ဒေသခံတပ်ဖွဲ့တွေနဲ့ ကရင်နီပြည်ရဲဌာန KSP ကို ဒေသခံတွေက တောင်းဆိုနေကြပါတယ်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကစပြီး တနှစ်ထက်တနှစ် စားဝတ်နေရေး ကျပ်တည်းလာကာ ရှင်သန်ရပ်တည်ဖို့အတွက် အခက်အခဲတွေရှိလာတဲ့အတွက် မြန်မာနိုင်ငံ အနှံ့အပြားမှာ ခိုးဆိုးလူယက်မှုတွေ ပိုမိုများပြားလာနေပါတယ်။ 

နှင်းနှင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013