Home
မြန်မာသတင်း
ဒီးမော့ဆိုတွင် စစ်ကောင်စီတပ် ဗုံးကြဲသဖြင့် စာသင်ကျောင်းနှင့် ဆေးရုံ ပျက်စီး
DVB
·
February 14, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ ဆေးရုံ အဆောက်အအုံတချို့ ပျက်စီးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၃ နာရီဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံး ၃ လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

ဒေသခံပြည်သူတယောက်က “စာသင်ကျောင်းက လေကြောင်းရန်ကြောက်ရလို့ ပိတ်ထားတာ၊ အဆောက်အအုံတွေတော့ ပျက်စီးသွားတယ်။ တနေ့တနေ့ လေယာဥ်လာကြဲတာကို စိုးထိတ်နေရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် နှစ်အစကစပြီး ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်ပြည်သူတွေ စိုးရိမ်နေရပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတယောက်က “လေယာဥ်လာရင် ပြေးပုန်းစရာ ဗုံးခိုကျင်းလည်း မရှိဘူး။ စိတ်ထဲမှာ စိတ်ဒဏ်ရာတွေလည်း ရတယ်” လို့ ပြောပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲမှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် ဇန်နဝါရီ တလအတွင်း ပြည်သူ ၇ ယောက်သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ဖေဖော်ဝါရီ ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်က ကရင်နီနဲ့ ကယန်းဒေသကို အာဏာသိမ်းပြီးချိန်ကစပြီး ၄ နှစ်ပြည့်တဲ့အထိ လေကြောင်းတိုက်ခိုက်မှုပေါင်း ၁,၇၈၈ ကြိမ် ပြုလုပ်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024