Home
မြန်မာသတင်း
ရန်ကုန်တွင် ကလေးများပျောက်ဆုံးနေပြီး သန်လျင်က ပျောက်ဆုံးကလေးကို သေဆုံးလျက်ပြန်တွေ့
DVB
·
February 15, 2025
TL2025

ရန်ကုန်က မြို့နယ်တွေမှာ အခုဖေဖော်ဝါရီလထဲ ကလေးငယ်တွေပျောက်ဆုံးတာ များလာသလို သန်လျင်မြို့မှာတော့ ၃ ရက်ကြာပျောက်ဆုံးနေတဲ့ ကလေးတယောက်ကို ရေကန်ထဲ သေဆုံးလျက် ဆယ်ယူနိုင်ခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သန်လျင်မြို့နယ် ပျဉ်ထောင်ကျောင်းရွာမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကတည်းက ပျောက်ဆုံးသွားတဲ့ အသက် ၃ နှစ်အရွယ် မိန်းကလေးကို ဖေဖော်ဝါရီ ၁၄ ရက်၊ နေ့လယ်ပိုင်းမှာ အိမ်အနားက ရေကန်ထဲမှာ ရုပ်အလောင်းပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ပျောက်ဆုံးကလေးရဲ့ နေအိမ်အနီးမှာ ရေကန် ၂ ကန်ရှိနေပြီး မိသားစုဝင်တယောက်ရဲ့အနောက်ကို ကလေးတယောက်တည်း လွှတ်လိုက်ရာကနေ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မြို့ခံတယောက်က “ကလေးပျောက်ကြော်ငြာထားတာက ဖေ့စ်ဘွတ်ခ်မှာရော၊ စာတွေထုတ်ပြီး လိုက်ကပ်တာရော၊ အသင်းတွေကို အသိပေးတာရော အကုန်လုပ်ထားပါတယ်။ ကလေးက ၃ နှစ် သမီးပါ။ ရေကန်နဲ့အိမ်က သိပ်မဝေးဘူး။ ကျန်တာတော့ ရဲကစစ်နေပါတယ်” လို့ ပြောပါတယ်။

ရှာဖွေဆယ်ယူရေးကို လောကအလင်းအဖွဲ့က လုပ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ သန်လျင်ဆေးရုံ‌၊ ရင်ခွဲဌာနကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလရဲ့ ၂ ပတ်အတွင်း လူပျောက်ရှာဖွေ ဖေ့စ်ဘွတ်ခ်ဂရုပ်တွေနဲ့ လူကုန်ကူးတိုက်ဖျက်ရေး ဂရုပ်တွေမှာ ကလေးပျောက်ကြော်ငြာထားတဲ့ မှတ်တမ်းအရ ကလေးပျောက်သူ ၅ ယောက်ထက်မနည်း ရှိနေတာပါ။

ဖေဖော်ဝါရီ ၁၃ ရက်နေ့က သင်္ဃန်းကျွန်းမြို့နယ်၊ ဘုရားဈေးအနားက အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေးတယောက် ဗလီသွားရာကနေ ပျောက်ဆုံးသွားခဲ့သလို ဖေ‌ဖော်ဝါရီ ၆ ရက်နေ့မှာတော့ မြောက်ဥက္ကလာပမြို့နယ်မှာ ကိုယ်ပိုင်အထက်တန်းကျောင်းတက်နေသူ အသက် ၁၀ နှစ်အရွယ် ကလေးတယောက် ကျောင်းအနားမှာ ပျောက်ဆုံးခဲ့ပါတယ်။

ဖြစ်စဉ် ၂ ခုစလုံးက ကလေးတွေကို တွေ့ရှိ‌သူတွေက မိဘတွေဆီ ပြန်လည်အပ်နှံနိုင်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့က ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်အိမ်ရာကနေ တာမွေမြို့နယ်ကို သွားခဲ့တဲ့ အသက် ၁၂ နှစ်အရွယ် ယောကျ်ားလေးတယောက်နဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီး ၂ ယောက်တို့ ပျောက်ဆုံးသွားခဲ့ပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ် ရ၊ မရတကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်။

Photo - လောကအလင်း၊ သန်လျင်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013