Home
မြန်မာသတင်း
ကလေးက စစ်ဘေးရှောင်စခန်းဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၉ ဦးထက်မနည်းသေဆုံး
DVB
·
February 1, 2025
Photo-တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က စစ်ဘေးရှောင်တွေနေတဲ့နေရာကို စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အနည်းဆုံး ၉ ယောက်သေဆုံး၊ ၃၀ ကျော် ဒဏ်ရာရပြီး မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာလည်း ဗုံးကြဲခံရလို့ လူနေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးသွားခဲ့ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့တင်သားရွာ ကျေးလက်ကျန်းမာရေးဆေးပေးခန်းနဲ့ ကုက္ကိုလ်ရွာ စာသင်ကျောင်းကို ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ဘေးရှောင် ကလေးငယ်တွေအပါအဝင် ပြည်သူ ၉ ယောက် ထက်မနည်း သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒေသခံတယောက်က “ဂျက်ဖိုက်တာ ၂ စင်းနဲ့ ၂ ကြိမ်ဗုံးကြဲတယ်ဗျ။ စက်လတ်တွေနဲ့လည်း ပစ်တယ်ဗျ။ သေဆုံးတာကတော့ ကျနော်တို့အတည်ပြုလို့ရတာက ၉ ဦး ပေါ့။ အပိုင်းအစတွေဖြစ်ပြီး အတည်ပြုလို့မရတာတွေလည်းရှိနိုင် သေးတယ်ဗျ။ ခြေပြတ်လက်ပြတ်နဲ့ ဒဏ်ရာပြင်းထန်ရတာက ၃၀ ဦးပါ။ ဒဏ်ရာရသူတွေကတော့ ဆေးကုသမှုလုပ်နေပါတယ်။ အသက်အန္တရာယ် စိုးရိမ်ရတဲ့သူတွေလည်းရှိပါတယ်။ မြေပြင်မှာဘာတိုက်ပွဲမှမရှိဘဲနဲ့ကို အကြောင်းမဲ့ဗုံးကြဲပစ်ခတ်သွာတာပါဗျ” လို့ ပြောပါတယ်။

အခုဗုံးကြဲပစ်ခတ်ခံရတဲ့ စစ်ဘေးရှောင်စခန်းဟာ ကလေးမြို့နယ်အတွင်း ပျူစောထီးရွာတွေကနေ ထွက်ပြေးလာတဲ့ အရပ်သားပြည်သူမိသားစုတွေနေထိုင်ကြတဲ့ စစ်ရှောင်စခန်းဖြစ်တယ်လို့လည်း သိရပါတယ်။

ကလေးသပိတ် ခေါင်းဆောင်တယောက်က “စစ်တပ်ကတော့  စစ်မနိုင်တော့  စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာဖြစ်ပါတယ်ဗျ။ အခုလို ကျူးလွန်မှုတွေ ကမ်းကုန်အောင် လုပ်နေတာကလည်း သူတို့နေဝင်ချိန်ကိုရောက်နေလို့ အခုလိုပြုလုပ်နေတာဗျ။ ကျနော်တို့ ပြည်သူတွေအနေနဲ့လည်း စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးတဲ့ထိ တိုက်ပွဲဝင်သွားကြမယ်” လို့ ပြောပါတယ်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဇန်နဝါရီ ၃၀ ရက်နေ့ည ၁၀ နာရီဝန်းကျင်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်နဲ့ အဆောက်အအုံတချို့ ပျက်စီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

တောင်သာမြို့နယ်လူထုလှုပ်ရှားမှုကော်မတီရဲ့ တာဝန်ရှိသူတယောက်က “ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံး ၁ လုံးကြဲသွားတာ။ ရွာထဲကိုတော့မကျဘူး။ ရွာအစွန်က စာသင်ကျောင်း အနောက်ဘက်နားကို ကျတယ်။ ပေါက်ကွဲအားပြင်းချက်က ထန်းပင်တွေတောင် ပြတ်ကုန်တယ်ဗျ။ လူတွေထိခိုက်တာတော့ မရှိပါဘူး” လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် လူနေအိမ် ၂ လုံးပျက်စီးသွားသလို ဆိတ်ခြံ ၁ ခြံလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုကြည်စတား က “စစ်တပ်ရဲ့ပြည်သူအပေါ် ယုတ်မာရက်စက်မှုတွေက ​အထူးပြောပြစရာမလိုတော့ပါဘူး။ အခုလထဲမှာတင် တောင်သာနယ်ထဲက ကျေးရွာတွေကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ ဆက်တိုက်ဗုံးကြဲနေတယ်ဆိုတာ ပြည်သူအားလုံးသိကြပြီးဖြစ်တဲ့အတိုင်းပါပဲ။ တိုက်ပွဲဖြစ်တာ မရှိပါဘဲ သက်သက်မဲ့ ပြည်သူကိုသတ်ဖြတ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်းတွေကို ဖက်စစ်တပ်က ဖျက်ဆီးနေတာဖြစ်တယ်။ အခု ဇရပ်ကြီးရွာကိုတော့ ဂျက်ဖိုက်တာနဲ့ ကြဲသွားတာပါ” လို့ DVB ကို ပြောပါတယ်။

တောင်သာမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်တဲ့ လေကြောင်းရန်သတိပေးထုတ်ပြန်ကြေညာချက်တွေကို စောင့်ကြည့်လိုက်နာ ပေးကြဖို့နဲ့ ပြည်သူအချင်းချင်းကြားမှာလည်း စစ်တပ်ရဲ့လေယာဉ်သံကြားရင် အချက်ပေးပြီး ကြိုတင်ရှောင်ရှားနိုင်မယ့် အစီအမံတွေကို အရေးပေါ်ပြုလုပ်ကြဖို့ မေတ္တာရပ်ခံ​ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ကလည်း ဇရပ်ကြီးကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းအနီးမှာနေထိုင်တဲ့ အမျိုးသမီး ၂ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းဆောင်လည်း ပျက်စီးသွားခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013