
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ အမှတ် ၁ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ စစ်သင်တန်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ စည်းပျက်ကမ်းပျက် ဖြစ်ချင်တိုင်းဖြစ်နေတာကြောင့် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးမိုးသူကို မိဘတွေက တိုင်ကြားထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မှော်ဘီမြို့နယ်၊ အမှတ် ၁ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ အောက်တိုဘာ ၁ ရက်မှစကာ မိုးရာသီ စခန်းချ စစ်သင်တန်းပေးခဲ့ပြီး တပ်အတွင်း ကျောင်းသား၊ ကျောင်းသူတွေ စည်းကမ်းမဲ့ နေထိုင်မှုတွေကို မိဘတွေ မြင်တွေ့ပြီးနောက် တပ်ရင်းမှူးကို တိုင်ခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။
“သင်တန်းကျောင်းနဲ့မတူဘဲ ပန်းခြံလိုဖြစ်နေတာ၊ ချိန်းတွေ့တာတွေ၊ ဖက်ပြီး နမ်းနေတာတွေက ဘေးလူတွေ မမြင်ချင်မှအဆုံး၊ တချို့မိဘတွေက သူတို့သမီးတွေကို လာခေါ်တယ်၊ တပ်က ပြန်မထည့်ဘူး၊ ပြန်မထည့်လို့ ထိန်းသိမ်းနိုင်လားဆိုတော့ မထိန်းနိုင်ဘူး၊ ဆိုးတာက ကျောင်းထဲမှာ ကွန်ဒုံးတွေ တားဆေးကတ်တွေ တွေ့လို့ မိဘတွေစုပြီး တပ်ရင်းမှူးကို တိုင်တာ။”
UTC 1 လို့ခေါ်တဲ့ အမှတ် ၁ တက္ကသိုလ်လေကျင့်ရေးတပ် မှော်ဘီမှာ စစ်သင်တန်းတက်နေတဲ့ ဆရာ၊ ဆရာမ အပါအဝင် သင်တန်းသား၊ သင်တန်းသူ ၄၀၀ ကျော်ရှိပြီး တပ်ရင်းမှူး ဒုဗိုလ်မှူကြီးမိုးသူကို တိုင်ထားတာ မှန်တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။
“တိုင်ထားတာ မှန်ပါတယ်။ အုပ်ချုပ်ရေးနဲ့တော့ မဆိုင်ပါဘူး၊ တပ်နဲ့ပဲဆိုင်တာပါ။ စည်ကမ်းမဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ သတင်းက မှော်ဘီမှာ ပျံ့နှံ့နေတာ။ တပ်က ဒီဖြစ်စဥ်ကို မထိန်းသိမ်းနိုင်ဘူး။ ကျောင်းသူတွေကို မိဘတွေဆီ ပြန်ထည့်ပေးတာက ပိုကောင်းတယ်။ ကျော်မကောင်း ကြားမကောင်း ဖြစ်လာရင် အကုန်နာမည်ပျက်မှာပါ။”
စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ဧရာဝတီ၊ မော်လမြိုင်၊ တောင်ကြီး၊ တောင်ငူမြို့က တက္ကသိုလ်လေ့ကျင့်ရေးတပ် ၈ တပ်မှာ ဆရာ၊ ဆရာမ အပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁,၇၉၀ ယောက်ကို မိုးရာသီ စခန်းချ စစ်သင်တန်းပေးနေတာ ဖြစ်ပါတယ်။
အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်ကလည်း စစ်ကောင်စီက ပြည်နယ်နဲ့ တိုင်း ၇ ခုက တက္ကသိုလ်လေ့ကျင့်ရေးတပ် ၇ ခုမှာ ဆရာ၊ ဆရာမနဲ့ ကျောင်းသား ကျောင်းသူ ၁,၅၀၀ နီးပါးကို အခြေခံစစ်သင်တန်းနဲ့ မိုးရာသီ စခန်းချ စစ်သင်တန်းပေးခဲ့တာလည်း ရှိပါတယ်။
မိုရာသီ စခန်းချ စစ်သင်တန်းကို စစ်တပ် အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က နေပြည်တော်ရှိ အမှတ် ၅ တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ နောက်ဆုံး စစ်သင်တန်းပေးခဲ့တာ ဖြစ်ပါတယ်။


