Home
ရုပ်သံ
PNA က စစ်သင်တန်းသားများကို ကျည်တထောင့် ၁၅၀၀ ကျပ်ကောက်ပြီး စစ်ရေးလေ့ကျင့်ခိုင်း
DVB
·
February 18, 2025

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဘုရားဖြူစစ်ရေးလေ့ကျင့်ကွင်းမှာ ပအိုဝ်းအမျိုးသားပြည်သူ့စစ် (PNA) က စစ်သင်တန်းသားတွေကို ကျည်တထောင့်အတွက် ကျပ် ၁၅၀၀ ကောက်ပြီး လက်တွေ့စစ်ရေးလေ့ကျင့်ခိုင်းတယ်လို့ သင်တန်းသားတွေ ပြောပြချက်အရ သိရပါတယ်။

အရင်စစ်သင်တန်းတွေမှာတော့ တယောက်ကို ကျည် ၁၀ တောင့် အခမဲ့ လေ့ကျင့်ပစ်ခွင့်ပေးပေမဲ့ အခုဆိုရင် ကျည်တထောင့် ကျပ် ၁၅၀၀ ပေးနိုင်မှပဲ သေနတ်ပစ်လေ့ကျင့်ရေးကို လုပ်ရတယ်လို့ သင်တန်းသားတွေက ပြောပါတယ်။

ဆီဆိုင်မြို့နယ်က စစ်သင်တန်း တက်ရောက်ပြီးတဲ့ လူငယ်တယောက်က “ပိုက်ဆံပေးနိုင်တဲ့လူက ပစ်လို့ရတာပေါ့၊ နေ့ရော ညရော ကြိုက်တဲ့အချိန်လေ့ကျင့်လို့ရတယ်၊ သေနတ်ပါပေးထားတယ်။ ကျနော်တို့ထက် အရင်က လူတယောက်ကို ကျည် ၁၀ တောင့် အလကားပေးပစ်သေးတယ်၊ အဲ့ထက်ပိုပြီး ပေးမပစ်ဘူး၊ ကျနော်တို့အလှည့်ကျတော့ ပိုက်ဆံပေးမှပဲ ပစ်ရတယ်။ လုံးဝမတတ်နိုင်တဲ့လူတောင် ကျည် ၁၀ တောင့်လောက် မဖြစ်မနေ ပစ်ရတယ်” လို့ ပြောပါတယ်။

၇ ရက်တာ ရက်တိုအခြေခံစစ်သင်တန်းကို ဆီဆိုင်မြို့ ဘုရားဖြူကျေးရွာမှာ ဖွင့်လှစ်ပြီး ကျေးရွာတိုင်းက လူငယ်တွေကို မတက်မနေရစနစ်နဲ့ ခေါ်ယူနေတာဖြစ်ပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်နဲ့ PNA တပ်တွေ စခန်းချတဲ့ ကျေးရွာတွေမှာတော့ သူတို့အသုံးပြုဖို့အတွက် ရွာရန်ပုံငွေနဲ့ကားတစ်စီး မဖြစ်မနေ ဝယ်ထားပေးရတယ်လို့ တောင်ရှေ့ကျေးရွာအုပ်စုက အမျိုးသားတယောက်က ပြောပါတယ်။

“သူတို့က ထမင်းလည်းပို့ခိုင်းတယ်၊ ပိုက်ဆံလည်းတောင်းတယ်လေ၊ ကြာတော့ ကားငှားခံရတဲ့လူက မပေးချင်တော့ဘူး၊ တချို့ကားဆို သူတို့အပြီးယူသွားတာလေ။ အဲ့ဒါကြောင့် ရွာသားတွေ ပိုက်ဆံစုပြီး သူတို့ကို ဝယ်ပေးရတယ်။ သူတို့စခန်းမချဘူးဆိုရင်တောင် သင်တန်းဆင်း လာတဲ့လူကို ကားအပ်ထားရမယ်လို့ ပြောတာပဲ။”

သင်တန်းဆင်းပြီးတဲ့လူတွေကို တပ်ဖွဲ့ထဲမှာ စစ်မှုထမ်းဖို့၊ ကျေးရွာနဲ့ အနီးတဝိုက်က အခြေအနေတွေကို သတင်းပေးပို့ဖို့ ရွာတွင်းလုံခြုံရေးဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013