အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့ဟာ ကာကွယ်ရေးသဘောတူစာချုပ် အသစ်ကို ဩဂုတ်လမှာ လက်မှတ်ရေးထိုးပြီးကတည်းက ပထမဆုံးအနေနဲ့ နိုဝင်ဘာ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအရှေ့ဘက်ခြမ်းမှာ တိုက်ရိုက် ပစ်ခတ်လေ့ကျင့်ခဲ့ပါတယ်။
၄ ရက်ကြာတဲ့ ခဲရစ္စ ဝူမေရာ လေ့ကျင့်ခန်းမှာ နှစ်နိုင်ငံစလုံးက စစ်သည် အင်အား ၂၀၀၀ ပါပြီး သြစတြေးလျ-အင်ဒိုနီးရှား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်အရ နှစ်နိုင်ငံစစ်တပ်တို့ အကြီးမားဆုံး ပူးတွဲလှုပ်ရှားတာလည်း ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံ ဒါဝင်မြို့က HMAS အက်ဒယ်လိတ် ရဟတ်ယာဉ်တင် စစ်သင်္ဘော ကုန်းပတ်ပေါ်မှာ နိုဝင်ဘာ ၃ ရက်က စစ်ရေးလေ့ကျင့်မှု ဖွင့်ပွဲအခမ်းအနားအတွင်း အင်ဒိုနီးရှား တပ်ဖွဲ့ဝင်တွေ ပါဝင်ခဲ့ပါတယ်။
နှစ်နိုင်ငံစလုံးက တပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၁၃ ရက်ကနေ ၁၆ ရက်အထိ ဆင်နွှဲခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုအတွက် အင်ဒိုနီးရှားရေပိုင်နက်ဆီ မရောက်မီ၊ သြစတြေးလျမြောက်ပိုင်းမှာ စစ်ဆင်ရေးအကြို စစ်ရေးလှုပ်ရှားမှုကို လေ့ကျင့်ခဲ့တယ်လို့ အင်ဒိုနီးရှား အမျိုးသားတပ်မတော်က သတင်ထုတ်ပြန်ပါတယ်။
အင်ဒိုနီးရှားဟာ မြို့တော်ဂျာကာတာရဲ့ အရှေ့ဘက်က ဆူရာဘာယာမြို့နား ဂျာဗားပင်လယ်ပြင်မှာ နိုဝင်ဘာ ၄ ရက်က ရုရှားရေတပ် အပါအဝင် တခြားနိုင်ငံတွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။
Source: Reuters