အင်ဒိုနီးရှားနိုင်ငံရှိ လယ်ဝိုတိုဘီလာကိလာကိ မီးတောင်ဟာ နိုဝင်ဘာ ၉ ရက် အစောပိုင်းမှာပဲ အနည်းဆုံး ၃ ကြိမ်ထက်မနည်း ထပ်မံပေါက်ကွဲခဲ့ပြီး အမြင့် ၉ ကီလိုမီတာအထိ ပြာပူတွေကို မှုတ်ထုတ်ခဲ့တာကြောင့် အာဏာပိုင်တွေဟာ တားမြစ်ကန့်သတ်နယ်မြေကို ထပ်ချဲ့လိုက်ဖို့ စီစဉ်နေပါတယ်။
အရှေ့ဘက် နူးဆာတန်ဂရာခရိုင်မှာ နိုဝင်ဘာ ၃ ရက်က မီးတောင်ပေါက်ကွဲမှုကြီးတခု ဖြစ်ပွားခဲ့လို့ လူ ၉ ယောက်သေဆုံးခဲ့ပါတယ်။
အဲဒီအချိန်ကတည်းက မီးတောင် ပေါက်ကွဲမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် အာဏာပိုင်တွေဟာ မီးတောင်ထိပ်ဝနဲ့ အနီးဆုံးရှိ ကျေးရွာတွေမှ လူပေါင်း ၁၆,၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
မီးတောင်အေဂျင်စီဟာ လူတွေကို ဝင်ရောက်ခွင့်မပြုထားတဲ့ မီးတောင်ထိပ်ဝရဲ့ အနောက်တောင်ဘက် ၈ ကီလိုမီတာမှ ၉ ကီလိုမီတာအထိ တိုးချဲ့ဖို့ စီစဉ်နေကြောင်း အေဂျင်စီအကြီးအကဲက ပြောကြားခဲ့ပါတယ်။
လောလောဆယ် ဗဟိုကယ်ဆယ်ရေးစခန်း ၃ ခုရှိပြီး ဒေသဆိုင်ရာ အစိုးရက နောက်ထပ် ၃ ခု ပြင်ဆင်ထားတာကြောင့် စုစုပေါင်း ဘေးလွတ်ရာ ရွှေ့ပြောင်းရေးစင်တာ ၆ ခု ရှိကြောင်း ဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီ အရာရှိ အာဂုစ်ရီယန်တိုက ပြောပါတယ်။
ဒါ့အပြင် နောက်ထပ် ဘေးကင်းရေးစင်တာတွေ ထပ်ဖြည့် ထည့်သွင်းပေးဖို့လည်း ဒေသအစိုးရကို တောင်းဆိုထားကြောင်းလည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတဲ့ ကြိုးပမ်းမှုတွေ ဆက်လုပ်ခဲ့ပြီး နိုဝင်ဘာ ၈ ရက် ညပိုင်းမှာ လူပေါင်း ၁၀,၇၀၀ လောက်ကို ဖယ်ရှားခဲ့ကြောင်း အင်ဒိုနီးရှား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီ အချက်အလက်တွေအရ သိရပါတယ်။
Source: Reuters