အင်ဒိုနီးရှားနဲ့ ရုရှားရေတပ် တပ်ဖွဲ့တွေဟာ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဂျာဗားပင်လယ်မှာ နိုဝင်ဘာ ၄ ရက်က စတင်လေ့ကျင့်ခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆူဘီယန်တိုက သူ့နိုင်ငံရဲ့ ကာလရှည်ကြာ ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံအားလုံးနဲ့ ချိတ်ဆက်တာတွေကို ပိုတိုးလုပ်ဖို့ ကြိုးပမ်းနေတာပါ။
ရုရှားနဲ့ ပိုနီးကပ်တဲ့ ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ကတိပြုနေချိန်မှာ ပူးတွဲ စစ်ရေးလေ့ကျင့်တာလည်း ဖြစ်ပါတယ်။
ပရာဘိုဝိုဟာ ဇူလိုင်လက ရုရှားမြို့တော် မော်စကိုကို သွားချိန်က ရုရှားကို သူ့ရဲ့ “သူငယ်ချင်းကောင်း” လို့ ခေါ်ဆိုခဲ့တာပါ။
ရုရှားစစ်သင်္ဘော ၄ စင်း နိုဝင်ဘာ ၃ ရက်က ရောက်လာပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာ အရှေ့ဘက်က ဆူရာဘာယာမြို့အနား ဂျာဗားပင်လယ်မှာ စစ်ရေး လေ့ကျင့်မယ်လို့ နိုဝင်ဘာ ၄ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘယ်နိုင်ငံကိုမှ မရည်ရွယ်ဘဲ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံနိုင်တယ်လို့ အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဆာဂေး တိုချန်နော့ဗ်က ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ်ကျင်းပနေကျ စူပါ ဂဠုန် ဒိုင်းလို့ အဓိပ္ပာယ်ရတဲ့ “Super Garuda Shield” စစ်ရေးလေ့ကျင့်မှုကို အမေရိကန်နဲ့အတူ ၂၀၀၆ ခုနှစ်ကတည်းက လေ့ကျင့်ခဲ့တာပါ။
၂၀၂၄ ခုနှစ်မှာတော့ စစ်သည် ၄,၅၀၀ ကျော် ပါဝင်ခဲ့ပြီး အချိန် ၂ ပတ်ကြာအောင် လေ့ကျင့်ခဲ့ပါတယ်။
Source : Reuters