အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း ကျွန်းအုပ်စုတွေထဲရှိ လယ်ဝိုတိုဘီးလာကိလာကိ မီးတောင်ဟာ နိုဝင်ဘာ ၃ ရက် ညသန်းခေါင်ယံအချိန်မှာ ပေါက်ကွဲခဲ့ပြီးနောက် အနည်းဆုံး လူ ၁၀ ယောက်ထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
မီးလောင်ပေါက်ကွဲလွယ်တဲ့ ချော်ရည် အမှုန်အမွှားတွေလည်း မှုတ်ထုတ်လာတာကြောင့် အာဏာပိုင်တွေဟာ မီးတောင်အနီးအနားရှိ ကျေးရွာအများအပြားကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရပါတယ်။
အင်ဒိုအရှေ့ပိုင်းက ကျွန်းအုပ်စုတခုဖြစ်တဲ့ လက်ဆာဆွန်ဒါ ကျွန်းတွေထဲက ဖလောရက်စ်ကျွန်းမှာ တည်ရှိတဲ့ လယ်ဝိုတိုဘီး လာကိလာကိ မီးတောင်ဟာ နိုဝင်ဘာ ၃ ရက် ညပိုင်း ၁၁ နာရီ ၅၇ မိနစ်အချိန်မှာ ပေါက်ကွဲခဲ့တာပါ။
နီရဲတောက်လောင်နေတဲ့ မီးတောင်ချော်ရည်တွေ၊ မီးတောင်ပြာတွေနဲ့ပူပြင်းလောင်ကျွမ်းနေတဲ့ ကျောက်တုံး ကျောက်ခဲတွေကို ထုတ်လွှတ်ခဲ့ကြောင်း အင်ဒိုနီးရှား မီးတောင်အေဂျင်စီက အချက်အလက်တွေနဲ့ ပုံတွေကို မျှဝေထားပါတယ်။
ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ ရှာဖွေကယ်ဆယ်ရေး အသင်းအဖွဲ့ တာဝန်ရှိသူတွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ကို အနီးဆုံးကျေးရွာတွေက ဒေသခံတွေကို ဘေးလွတ်ရာ ကူညီရွှေ့ပြောင်းပေးခဲ့ဖို့ တာဝန်ချ စေလွှတ်ခဲ့ပါတယ်။
အာဏာပိုင်တွေဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းလာကြသူ အရေအတွက်နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေဆဲ ဖြစ်ပါတယ်။
အေဂျင်စီဟာ မီးတောင်သတိပေးချက်ကို အမြင့်ဆုံးအဆင့်အထိ မြှင့်တင်ခဲ့ပါတယ်။ မီးတောင်ဝမှ ၇ ကီလိုမီတာ အချင်းဝက်ကို ရှင်းလင်းရမှာဖြစ်ကြောင်းနဲ့ လာမယ့်ရက်တွေအတွင်း လျှပ်တပြက်ရေကြီးမှုနဲ့ ချော်ရည်အေး စီးဆင်းမှုတွေ ဖြစ်လာနိုင်ကြောင်းလည်း သတိပေးထားပါတယ်။
Source : Reuters