နှစ်ကြိမ်တိတိ အရေးနိမ့်ခဲ့ရတဲ့ ပရာဘိုဝို ဆူဘီယန်တိုဟာ နောက်ဆုံးမှာတော့ အင်ဒိုနီးရှား သမ္မတ ဖြစ်လာခဲ့ပါပြီ။
အာဏာရှင် ဆူဟာတိုရဲ့ သမက်ဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝိုဟာ ဆူဟာတိုခေတ် မှောင်မိုက်တဲ့ နေ့ရက်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ စွပ်စွဲခံရသူ အဖြစ်ကနေ ခေတ်သစ်ရဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်လာခဲ့တာပါ။
ပရာဘိုဝိုဟာ စစ်ဗိုလ်ချုပ်ကြီးဘဝကနေ အနားယူအပြီးမှာ လူထုမဲနဲ့ သမ္မတဖြစ်လာတဲ့၊ လူကြိုက်အင်မတန်များတဲ့ သမ္မတဟောင်း ဆူဆီလိုဘမ်ဘန်း ယူဒိုယိုနိုလို မဟုတ်ဘဲ စစ်သားဘဝက အမည်းစက်ရှိခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ အရင်တုန်းက ရွေးကောက်ပွဲပြိုင်ရင် မီးထိုးပေးတဲ့စကားတွေ၊ အမျိုးသားရေး အစွန်းရောက်အမြင်တွေ ပြောတတ်တဲ့ ပရာဘိုဝိုဟာ အခုအခါမှာတော့ ကိုယ့်ကိုယ်ကိုယ် တစ်တော့ပေါ်က ချစ်စရာကောင်း cute ဖြစ်တဲ့ ဘိုးဘိုးတယောက်အဖြစ် အသွင်ပြောင်းနိုင်ခဲ့ပါတယ်။ အသည်းပုံသင်္ကေတတွေ လုပ်ပြတတ်သလို သူ့ရဲ့ ကိုးရိုးကားရား ကကွက်ဆန်းကလည်း လူမှုကွန်ရက်မှာ နာမည်ကြီးခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်အောက်က အတိတ်အကြောင်း ကောင်းကောင်းမသိကြတော့တဲ့ လူငယ်မဲဆန္ဒရှင်တွေကြားမှာ ဒီအကွက်က အလုပ်ဖြစ်ခဲ့ပါတယ်။
တချို့တွေကျတော့လည်း လူကြိုက်များတဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ မူဝါဒကို ဆက်သယ်ဆောင်သွားမယ့်သူအဖြစ် မြင်ကြပါတယ်။ အာဏာရှင် ဆူဟာတိုရဲ့ သမက်ဖြစ်ခဲ့တဲ့ ပရာဘိုဝိုဟာ အင်ဒိုရဲ့ မှောင်မိုက်တဲ့နေ့ရက်တွေကို ပြန်ခေါ်သွားမှာ စိုးရိမ်နေကြသူတွေလည်း ရှိနေပါတယ်။
အသက် ၇၃ နှစ်အရွယ် သမ္မတသစ်ရဲ့ လူ့အခွင့်အရေးမှတ်တမ်းက ဆိုးဆိုးရွားရွား ရှိနေပါတယ်။ ဆူဟာတိုခေတ် ကုန်ခါနီး ၁၉၉၀ ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းကာလတွေမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ အမြောက်အမြားကို ဖမ်းဆီး၊ နှိပ်စက်ရတဲ့ တပ်ဖွဲ့ကို သူဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးခဲ့သူ ၂၃ ဦးအနက် အချို့ အသက်ရှင်ကျန်ရစ်ပေမဲ့ တဦးသေဆုံးပြီး ၁၃ ဦးကို ရှာမတွေ့တော့ပါဘူး။
ဒီဖြစ်စဉ်နောက်ပိုင်း သူလည်း တပ်က အထုတ်ခံခဲ့ရပြီး ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ဂျော်ဒန်မှာ တိမ်းရှောင်နေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောင်နှစ်အနည်းငယ်အကြာမှာပဲ အင်ဒိုနီးရှားကို ပြန်လာခဲ့ပြီး နိုင်ငံရေးထဲမဝင်ခင် ဆီအုန်းနဲ့ သတ္တုတွင်းလုပ်ငန်းမှာ စီးပွားဖြစ်ခဲ့ပါတယ်။
ပရာဘိုဝိုဟာ နိုင်ငံရေးမျိုးရိုးကလာသူဖြစ်ပြီး သူ့မိသားစု ဆွေစဉ်မျိုးဆက်ဟာ အင်ဒိုနီးရှားနိုင်ငံရေးနဲ့ ဆက်နွှယ်နေခဲ့ပါတယ်။
ဖခင်ဟာ ထင်ရှားတဲ့ စီးပွားရေးပညာရှင်ဖြစ်ပြီး ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဝန်ကြီးနေရာတွေ တာဝန်ယူခဲ့ဖူးသူ ဖြစ်သလို သူ့အဘိုးကလည်း ပထမဆုံး နိုင်ငံပိုင်ဘဏ်ကို ထူထောင်သူ ဖြစ်ပါတယ်။
သူ့ဖခင်ဟာ ဆူမားတြားက ခွဲထွက်ရေးအုပ်စုတွေနဲ့ ပတ်သက်တယ်လို့ စွပ်စွဲခံရတာကြောင့် ပရာဘိုဝိုဟာ ငယ်ဘဝမှာ သူ့မိသားစုနဲ့အတူ ဆွစ်ဇာလန်နဲ့ အင်္ဂလန်မှာ တိမ်းရှောင်ခဲ့ရဖူးပါတယ်။
၁၉၇၀ မှာ အင်ဒိုပြန်လာခဲ့ပြီး တပ်ထဲဝင်ခဲ့ကာ ရာထူးမြန်မြန်တက်ခဲ့ပါတယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူပါဝင်တဲ့ အထူးတပ်ဖွဲ့ဟာ ဒီကနေ့ခေတ် တီမောလက်စ်တေနိုင်ငံ ဖြစ်လာတဲ့ အရှေ့တီမောနယ်မှာ ခွဲထွက်ရေးသမားတွေနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ သူဟာ တီမောမှာရော ပါပူအာကျွန်းမှာပါ ရက်ရက်စက်စက် လုပ်ခဲ့တာတွေ ရှိတယ်လို့ စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။
ဒီကာလအတွင်း သူဟာ ဆူဟာတိုရဲ့ အတွင်းစည်းမှာ ပါဝင်ခဲ့ပြီး ဆူဟာတို သမီးတွေထဲက တဦးဖြစ်တဲ့ ဆီတီ ဟေဒိယာတီ ဟာရီယာဒီနဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့လက်ထပ်မှုဟာ ၁၅ နှစ်ကြာခဲ့ပြီး ဆူဟာတိုအစိုးရ ပြိုလဲချိန်နဲ့ တချိန်တည်းမှာပဲ ကွာရှင်းခဲ့ကြတာကလည်း ထူးခြားပါတယ်။
အဲဒီအချိန်တုန်းက ပရာဘိုဝိုဟာ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖမ်းဆီးတဲ့ အထူးတပ်ဖွဲ့ရဲ့ တပ်မှူးဖြစ်ပါတယ်။ ဒါကြောင့် သူ ရာထူးကအထုတ်ခံခဲ့ရပေမဲ့ တခါမှ စွဲချက်တင်မခံခဲ့ရပါဘူး။
အဲဒီလို ဖမ်းဆီးပြန်ပေးဆွဲမှုမှာ အသက်မသေဘဲ ကျန်ခဲ့သူနှစ်ဦးကို ပြန်ပေးဆွဲမှုကို သူဝန်ခံထားပေမဲ့ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ ပျောက်ဆုံးသွားသူတွေရဲ့ မိသားစုတွေ အတွက်တော့ အဖြေမပေးနိုင်ခဲ့ပါဘူး။
ဆူဟာတိုရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဆူဘီယန်တိုဟာ မြို့တော်ဂျကာတာမှာ တရုတ်တွေကို ပစ်မှတ်ထားတဲ့ ဆူပူအုံကြွမှုကို မီးထိုးပေးခဲ့တယ်လို့ စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။ ဆူဟာတို ပြုတ်ကျချိန်မှာ ဂျော်ဒန်ကို ထွက်ပြေးခဲ့ပြီး အင်ဒိုနီးရှားက ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်းနေချိန်မှာ လူမြင်ကွင်းက ပျောက်နေခဲ့ပါတယ်။
အဲဒီအချိန်တုန်းက သူ့လူ့အခွင့်အရေးမှတ်တမ်းကြောင့် အမေရိကန်နဲ့ ဩစတြေးလျကိုတောင် ဝင်ခွင့်ပိတ်ခံထားရသူ ဖြစ်ပါတယ်။ မကြာသေးမီနှစ်တွေအတွင်းမှာမှ ဒီပိတ်ပင်မှု ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။
၂၀၀၄ ရွေးကောက်ပွဲမတိုင်မီမှာတော့ ပရာဘိုဝိုဟာ နိုင်ငံရေးလောကထဲ ပြန်ဝင်လာခဲ့ပြီး ကိုယ်ပိုင်ပါတီ ထောင်ခဲ့သလို ပါတီညွန့်ပေါင်းတွေမှာ ပါဝင်ခဲ့ပါတယ်။
၂၀၁၄ မှာရော ၂၀၁၉ သမ္မတရွေးကောက်ပွဲမှာပါ ခါးသီးတဲ့ပြိုင်ဘက် ဂျိုကိုဝီနဲ့ ယှဉ်ပြိုင်ပြီး နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့ပါတယ်။
၂၀၁၉ မှာ သူရှုံးတော့ သူ့ထောက်ခံသူတွေ ဦးဆောင်တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး လူ ၁၀ ဦး သေဆုံးခဲ့ပါတယ်။ ဒါပေမဲ့ ဂျိုကိုဝီက ရအောင်ခေါ်ညှိခဲ့ပြီး ပရာဘိုဝိုကို ကာကွယ်ရေးဝန်ကြီးနေရာ ပေးခဲ့ပါတယ်။ အဲဒီကစလို့ ပါရီကနေ ဝါရှင်တန်၊ ပေကျင်းအထိ ခရီးသွားခွင့်တွေ ပြန်ရပြီး အရေးယူပိတ်ဆို့မှုတွေလည်း ရုပ်သိမ်းခံခဲ့ရပါတယ်။
မျက်မှောက်ခေတ် ခေါင်းဆောင်တွေဟာ အမှောင်မိုက်ဆုံးနေ့ရက်တွေကို၊ ဆူဟာတိုခေတ်ရဲ့ အဆိုးဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မေ့လျော့ကုန်ကြပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။
ပရာဘိုဝိုကတော့ ပြောရိုးပြောစဉ် စစ်သားဆင်ခြေဖြစ်တဲ့ “အမိန့်အရ လုပ်ခဲ့ရတယ်” ဆိုတဲ့ ရပ်တည်ချက်နဲ့ပဲ စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။ ၂၀၁၄ သမ္မတစကားစစ်ထိုးပွဲမှာလည်း “ဘာလုပ်ရမယ်ဆိုတာ ကျနော့်အထက်အရာရှိတွေက ညွှန်ကြားတာပါ” လို့ ဖြေရှင်းခဲ့ပါတယ်။
၂၀၂၄ မှာ ရွေးကောက်ပွဲနိုင်ရတဲ့ အကြောင်းရင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် ပုံရိပ်ပြင်နိုင်ခဲ့တာကလည်း အဓိက အကြောင်းရင်းတခု ဖြစ်ပါတယ်။ သက်တမ်းနှစ်ကြိမ်ပြည့်လို့ ထပ်ပြိုင်လို့မရတော့တဲ့ ပြိုင်ဘက်ဟောင်း ဂျိုကိုဝီရဲ့ သားဖြစ်သူကို ဒုတိယသမ္မတနေရာပေး ပူးပေါင်းနိုင်ခဲ့တဲ့ အချက်ကတော့ အရေးအပါဆုံး ဖြစ်ပါတယ်။
လူကြိုက်များတဲ့ သမ္မတ ဂျိုကိုဝီရဲ့သား အဲဒီတုန်းက အသက် ၃၆ နှစ်ပဲရှိသေးတဲ့ ဂီဘရန် ရာကာဘူမင် ရာကာ ဒုသမ္မတနေရာ ဝင်ပြိုင်ဖို့ အခြေခံဥပဒေခုံရုံးကလည်း ရွေးကောက်ပွဲ စည်းမျဉ်းတွေ ပြင်ပေးခဲ့ပါတယ်။ ပုံမှန်ကတော့ အသက် ၄၀ ပြည့်မှ ပြိုင်လို့ရတာ ဖြစ်ပါတယ်။ ဂျိုကိုဝီရဲ့ ယောက်ဖ၊ ဂီဘရန်ရဲ့ ဦးလေးက အဲဒီခုံရုံးရဲ့ တရားသူကြီးချုပ် ဖြစ်နေခဲ့ပြီး အဆုံးအဖြတ်မဲကို သူပေးခဲ့တယ်ဆိုတဲ့ အချက်ကိုလည်း ထည့်မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
ဝေဖန်သူတွေကတော့ သမ္မတဂျိုကိုဝီဟာ အာဏာအလွဲသုံးစားလုပ်ပြီး သူ့ဩဇာ ဆက်ထားနိုင်အောင် လုပ်တယ်လို့ ဝေဖန်ကြပါတယ်။ ပြိုင်တိုင်းရှုံးခဲ့တဲ့ ပရာဘိုဝို အတွက်ကတော့ သဘောတူညီချက်ကောင်းတရပ် ဖြစ်ခဲ့ပါတယ်။ စစ်တမ်းအများစုမှာ ဖြေဆိုတဲ့ အင်ဒိုနီးရှားသားတွေက ဂျိုကိုဝီ ထောက်ခံပေးတဲ့သူ ဘယ်သူမဆို ယုံကြည်မယ့် သဘောမျိုး ဖြစ်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အာဏာရှင်ခေတ်က အမည်းစက်ရှိသူတဦးဟာ လူထုဆန္ဒမဲနဲ့ သမ္မတ ဖြစ်လာခဲ့ပြီလို့တော့ ဆိုရမှာဖြစ်ပါတယ်။ ပရာဘိုဝိုဟာ ရွေးကောက်ပွဲနိုင်ပြီး သမ္မတတာဝန် လက်လွှဲမယူခင် ကိုးလတာအတွင်း လွှတ်တော်ထဲမှာလည်း အားကောင်းတဲ့ ညွန့်ပေါင်းအဖွဲ့သစ်ကို စုစည်းနိုင်ခဲ့ပါတယ်။ ဒီလို ညွန့်ပေါင်းဖွဲ့နိုင်ဖို့ အစိုးရအဖွဲ့နေရာတွေကို ပါတီတွေကြား ခွဲဝေပေးခဲ့ရပုံပေါ်ပြီး ပြုပြင်ပြောင်းလဲရေးခေတ်မှာ လူအများဆုံး ကက်ဘိနက် အဖွဲ့လည်း ဖြစ်လာခဲ့ပါတယ်။ ဝန်ကြီး ၄၈ ယောက်၊ ဒုဝန်ကြီး ၅၅ ယောက်၊ ရှေ့နေချုပ်တို့ အစိုးရအဖွဲ့အတွင်းဝန်တို့လို ကက်ဘိနက်လယ်ဗယ် အရာရှိ အယောက် ၂၀၊ စုစုပေါင်း ၁၃၂ ယောက်အထိ ပါဝင်ပါတယ်။
ကျမ်းကျိန်မိန့်ခွန်းမှတော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့ သမ္မတသစ် ပရာဘိုဝိုက ပြောသွားခဲ့ပါတယ်။ အရေခွံပဲ လဲတာလား၊ အရောင်ပဲ ပြောင်းတာလား၊ လူကိုယ်တိုင်ရော တကယ်ပြောင်းလဲသွားတာလား ဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ပရာဘိုဝိုက “ကျုပ်တို့ဟာ အဂတိလိုက်စားမှုကို ရင်ဆိုင် ဖယ်ရှားဖို့၊ စနစ်ကို ကောင်းအောင်ပြင်ဖို့၊ တရားဥပဒေစိုးမိုးရေးကို တင်းကျပ်ဖို့၊ ဒစ်ဂျစ်တယ်စနစ် ပြောင်းလဲဖို့ လုပ်ရဲကိုင်ရဲဖို့ လိုပါတယ်။ အဂတိလိုက်စားမှုကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့က အလ္လာအရှင် အလိုတော်အတိုင်းပါပဲ၊ ဒါဟာ အာလုံးဆောင်ရွက်ရမယ့်ကိစ္စဖြစ်ပြီး ခေါင်းဆောင်ပိုင်းက စလို့ စံနမူနာပြ ဖြစ်ရပါမယ်။ အင်ဒိုနီးရှားဟာ လွတ်လပ်ပြီး၊ တက်ကြွတဲ့၊ ဘက်မလိုက်တဲ့ လမ်းကြောင်းကို ရွေးချယ်ပါတယ်။ ဘယ် စစ်ရေးသဘောတူညီချက်မှာမှ ပူးပေါင်းမှာမဟုတ်ဘဲ နိုင်ငံအားလုံးနဲ့ မိတ်ဖက်ဖြစ်တဲ့ လမ်းကြောင်းကို ရွေးချယ်ပါတယ်။ ကျုပ်တို့မှာ ကမ္ဘာပေါ်က အဖိနှိပ်ခံပြည်သူတွေနဲ့ သွေးစည်းညီညွတ်ဖို့၊ ကာကွယ်ဖို့ဆိုတဲ့ မူဝါဒရှိပါတယ်။ ဒါကြောင့် ပါလက်စတိုင်းပြည်သူတွေ လွတ်လပ်ရေးရဖို့ ကျနော်တို့ ထောက်ခံပါတယ်။”
“လွတ်လပ်ရေး၊ လွတ်လပ်ရေး (အော်ပေးပါ)”
ဩဇာလွှမ်းမိုးမှု ဆက်ရှိနေဖို့နဲ့ သားဖြစ်သူကို ဒုသမ္မတဖြစ်စေချင်လို့ ပြိုင်ဘက်နဲ့ပေါင်းခဲ့တဲ့ သမ္မတဟောင်း ဂျိုကိုဝီ၊ “အထက်ကခိုင်းလို့ လုပ်ခဲ့ရတယ်” ဆိုတဲ့ အမည်းစက်ရှိတဲ့ အရောင်ပြောင်း စစ်သားဟောင်း သမ္မတသစ် ပရာဘိုဝိုတို့ဟာ စစ်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေး အသွင်ကူးပြောင်းမှုမှာ ကမ္ဘာ့စံနမူနာဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ဒီမိုကရေစီ အနာဂတ်အပေါ် ဘယ်လိုသက်ရောက်စေမလဲ ဆိုတာကတော့ သမိုင်းကပဲ သက်သေခံပါလိမ့်မယ်ခင်ဗျာ။
စိုင်းခေတ်နွေ
Source: Reuters