Home
ရုပ်သံ
ဆီဆိုင်ဒေသခံများကို သေနတ်နှင့်ယူနီဖောင်း ဝယ်လာပြီး စစ်မှုထမ်းရန် PNA ညွှန်ကြား
DVB
·
February 16, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်က ဒေသခံတွေကို စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းအမျိုးသားပြည်သူ့စစ် PNA တပ်ဖွဲ့က စစ်သားခေါ်ယူရာမှာ လက်နက်နဲ့ယူနီဖောင်းကို တပါတည်းဝယ်လာခဲ့ဖို့ ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အင်္ကျီတွေအပြင် ဖိနပ်၊ ဦးထုပ်နဲ့ သေနတ်၊ ကျည်ဆန်တို့ကိုလည်း ဝယ်လာဖို့၊ ကိုယ်တိုင်မဝယ်လာရင် တိုက်ပွဲဝင်ရတဲ့အခါ တပ်ဖွဲ့အနေနဲ့ ကြည့်ရှုစောင့်ရှောက်ပေးမှာ မဟုတ်ဘူးလို့ ပြောထားကြောင်း သိရပါတယ်။

ဆောင်းငဲင်းရွာ ဒေသခံအမျိုးသားတယောက်က “အရပ်ဝတ်နဲ့ လာလို့မရဘူး၊ စစ်အင်္ကျီကို ၂ စုံလောက် ဝယ်ခဲ့တဲ့၊ သေနတ်တို့ ကျည်ဆန်တို့လည်း ဝယ်လာတဲ့။ နယ်စပ်မှာ ကင်းစောင့်ရမှာမို့လို့ သူတို့အနေနဲ့ ဘာမှထောက်ပံ့ပေးလို့မရဘူး ပြောတယ်၊ သင်တန်းလည်းမ ပေးဘူး၊ ကျနော်တို့ရွာမှာ အခုလ ၁၅ ရက်နေ့ကစပြီးသွားရမှာ။ ရွာအိမ်ခြေအရ ခေါ်တာဆိုတော့ ယောက်ျားလေးတွေမရှိတဲ့အိမ်ဆိုရင် ရွာသားတွေကို နေ့စားခပေးပြီး ငှားရမယ်တဲ့” လို့ ပြောပါတယ်။

ဆောင်းငဲင်းကျေးရွာဟာ လွယ်ပွတ်ကျေးရွာအုပ်စုထဲ ပါဝင်ပြီး တခြားကျေးရွာတွေလည်း အလှည့်ကျနဲ့ ခေါ်ယူသွားမယ်လို့  PNA က ပြောထားကြောင်း ဆိုပါတယ်။

ကျေးရွာနေအမျိုးသားတယောက်က “သူတို့တော့ ပြောပါတယ်၊ တိုက်ပွဲမဝင်ရဘူး၊ ရှေ့တန်းမပို့ဘူးပေါ့၊ ကင်းပဲစောင့်၊ အချိန်ပြည့် သတင်းပို့တဲ့။ ဆိုင်ကယ်လည်း ကိုယ့်ဆိုင်ကယ်နဲ့ကိုယ် လာရမှာ။ မသွားနိုင်ရင် ပိုက်ဆံလျော်ရမယ်။ တယောက်ကို ၁၀ သိန်းလို့ ပြောတယ်။ ဟိုမှာက လဝက်လောက် စောင့်ပေးရမယ် ပြောတယ်။ အဲဒီထက်လည်း ကြာနိုင်တယ်။ ပွန်ချောင်းနားက နယ်စပ်ဗျ။ နယ်စပ်ဆိုတော့ တပ်ဖွဲ့တွေလည်း များတယ်။ ရှမ်းအဖွဲ့ ခွန်သူရိန် တို့အဖွဲ့ လှုပ်ရှားမှုတွေ ကြည့်ပြီး သတင်းပို့ရမယ် ပြောတယ်” လို့ ပြောပါတယ်။

PNA က အခြေခံစစ်သင်တန်းတတ်မြောက်ပြီးသူတွေကိုတော့ တပ်ဖွဲ့တွင်း ပြန်လည် တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားထားပြီး စစ်အသုံးအဆောင်တွေအပြင် လစာငွေကိုပါ ပေးအပ်မယ်လို့ ပြောဆိုထားပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ ပအိုဝ်းအမျိုးသားပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်အကြား စစ်ရေးတင်းမာနေသေးတဲ့အပြင် မြို့ပေါ်ကနေ ခမရ ၄၂၃၊ ၄၂၄ ခြေမြန်တပ်ရင်းတွေကလည်း နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေရှိပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013