
မကွေးတိုင်း၊ အောင်လံမြို့မှာ ဖေဖော်ဝါရီ ၁၅ ရက် ညနေ ၅ နာရီဝန်းကျင်က တပ်သားသစ်ခေါ်ယူဖို့ သွားတဲ့ ရဲတပ်ကြပ်တယောက် အပါအဝင် စစ်ကောင်စီလက်အောက်ခံ ၂ ယောက် ဓားနဲ့ခုတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အောင်လံမြို့ခံတယောက်က “ကျနော်တို့ အောင်လံမြို့ပေါ်က မကျည်းကုန်းရပ်ကွက်ထဲက သဇင်လမ်းသွယ်ထဲမှာ ဖြစ်သွားတာဗျ။ အဲဒီလမ်းထဲက အိမ်တအိမ်ကို သူတို့ ရဲနဲ့ ပျူစောထီး ၆ ယောက် ၇ ယောက်လောက် ပေါ်တာဆွဲခံရပြီးတော့ ထွက်ပြေးလာတဲ့ ကလေးကို စစ်မှုထမ်းဖို့ ပြန်သွားခေါ်တာလို့တော့ သိရတာပေါ့။ အဲဒီအိမ်ရှင်တွေက ဓားနဲ့ခုတ်လွှတ်လိုက်လို့ ၂ ယောက်သေတယ်။ ကျန်တဲ့သူတွေကတော့ ထွက်ပြေးလာကြတာတဲ့” လို့ DVB ကို ပြောပါတယ်။
အဆိုပါ ရဲတပ်ကြပ်ကြီးနဲ့ ပျူစောထီးတွေကို ဓားနဲ့ခုတ်ခဲ့တဲ့ အိမ်ပိုင်ရှင်တွေကတော့ ထွက်ပြေးလွတ်မြောက်သွားကြပြီး ဓားနဲ့ခုတ်ခံရလို့ သေဆုံးသွားကြသူတွေဟာ အသက် ၅၀ ကျော်အရွယ် အောင်လံမြို့မရဲစခန်းက ရဲတပ်ကြပ်ကြီး ကျော်သူရနဲ့ ပျူစောထီးအဖွဲ့ဝင် ကိုထွန်း တို့ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
အောင်လံမြို့က လူမှုကူညီရေးအဖွဲ့ဝင်တယောက်က “ရဲတပ်ကြပ်ကြီး ကျော်သူရရဲ့ နာရေးကိုတော့ သူ့အိမ်မှာ ပြင်ထားတယ်ဗျ။ ကိုထွန်း အလောင်းကတော့ ဆေးရုံမှာပဲ ရှိဦးမယ်” လို့ ပြောပါတယ်။
သေဆုံးသူ ရဲတပ်ကြပ်ကြီး ကျော်သူရရဲ့ နာရေးကို ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်း အောင်လံသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပြီး အဆိုပါဖြစ်စဥ်နဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ အောင်လံမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။
စစ်ကောင်စီတပ်ဟာ မကွေးတိုင်းအတွင်းမှာ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ အတွက် နေအိမ်တွေအတွင်း ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို ပြည်သူတွေအနေနဲ့ ရရာနည်းနဲ့ ပြန်လည်ခုခံပြီး နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ ဝင်ရောက်ခိုလှုံကြဖို့ မကွေးတိုင်းအတွင်းက Local PDF တပ်ဖွဲ့တခုကလည်း တိုက်တွန်းထားတယ်လို့ သိရပါတယ်။