
စစ်ကောင်စီတပ်ရဲ့ စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်အဖြစ် စုဆောင်းခံကြရတဲ့ တပ်သားသစ်တွေ ဘက်ပြောင်းခိုလှုံကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖေဖော်ဝါရီ ၁၀ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်သားစုဆောင်းခံရသူ (ပြည်သူ့စစ်မှုထမ်း-ပစ) တွေကို ရှေ့တန်းစစ်မျက်နှာတွေမှာ အသုံးပြုနေပြီး ထိခိုက်ကျဆုံးမှု များပြားနေတာပါ။
အဓမ္မ စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များရဲ့ လူမှုစာမျက်နှာများနဲ့ ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople ကို ကြိုတင်ချိတ်ဆက်ထားဖို့၊ စစ်သင်တန်းတက်နေစဉ်နဲ့ လက်နက်တပ်ဆင်ပြီး နီးစပ်ရာ တော်လှန်ရေးအင်အားစု၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေထံ ဘက်ပြောင်းခိုလှုံလာကြဖို့ တိုက်တွန်းထားပါတယ်။
ဘက်ပြောင်းခိုလှုံလာတဲ့ လူငယ်၊ လူရွယ်များ ဘေးကင်းလုံခြုံရေးကို တာဝန်ယူ ဆောင်ရွက်ပေးမှာဖြစ်ပြီး လက်နက်၊ ခဲယမ်းများ ပါရှိလာပါက ထိုက်တန်စွာ ဆုကြေးငွေများ ချီးမြှင့်ပေးအပ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီတပ်ဟာ လက်နက်ကိုင်တပ်ပွဲတွေအတွင်း အင်အားအဆမတန် ပြုန်းတီးနေပြီး ထောက်/ပို့ဆက်ကြောင်း ပြတ်တောက်နေတာကြောင့် လေကြောင်းထောက်ပို့ကိုသာ အဓိက အသုံးပြုနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်အနေနဲ့ လူအင်အားချို့တဲ့တဲ့ ပြသနာကို ဖြေရှင်းဖို့ တပ်သားသစ်စုဆောင်းတဲ့ နည်းလမ်းကို အသုံးပြုနေပြီး တော်လှန်ရေးအင်အားစုတွေကို တန်ပြန်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီတပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့တာ ၁ နှစ်ပြည့်ခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေ ဖွင့်လှစ်ခဲ့တာ အပတ်စဥ် ၉ ခုအထိ ဖွင့်လှစ်ခဲ့ပြီးပြီ ဖြစ်ပါတယ်။
သီရိ