Home
မြန်မာသတင်း
မြန်မာ့အရေး အိမ်ဖြူတော်ကြေညာချက်ကို NUG ကြိုဆို
DVB
·
February 10, 2025

မြန်မာပြည်အရေးနဲ့ပတ်သက်ပြီးထုတ်ပြန်လိုက်တဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော်ရဲ့ ကြေညာချက်ကို ကြိုဆိုတယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးတာဝန်ရှိသူက ပြောပါတယ်။

အိမ်ဖြူတော်ရဲ့ ကြေညာချက်အရ ထရမ့်ပ်အစိုးရဟာ မြန်မာစစ်တပ်အပေါ် နိုင်ငံရေး၊ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုလုပ်လာဖွယ်ရှိတယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးကို ထူးခြားတဲ့ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး အမျိုးသားအရေးပေါ်အခြေအနေအဖြစ် သက်တမ်းတနှစ်ထပ်တိုးကြောင်း သမ္မတထရမ့်ပ် လက်မှတ်ထိုးထားတဲ့ အိမ်ဖြူတော်ကြေညာချက် ဖေဖော်ဝါရီ ၄ ရက်က ထွက်ပေါ်ခဲ့တာပါ။

မြန်မာပြည်အရေးဟာ အမေရိကန်ပြည်ထောင်စုအတွက် အမျိုးသားအရေးပေါ်အခြေအနေ ဖြစ်တယ်လို့ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ နေ့ သမ္မတဂျိုးဘိုင်ဒင် လက်ထက်ကတည်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး သက်တမ်းထပ်တိုးလိုက်တာပါ။

ဘိုင်ဒင်လက်ထက် မြန်မာပြည်အရေးကို ပြန်သုံးသပ်ကြည့်ရင် Burma Act လို မြင်သာတဲ့အရွေ့ ရှိခဲ့ပေမဲ့ အမေရိကန်ပြည်တွင်းစီးပွားရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မျှော်မှန်းထားသလောက် လုပ်ငန်းစဉ်လည်ပတ်မှု မသွက်လက်ခဲ့ဘူးလို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

ဘိုင်ဒင်လက်ထက် လွှတ်တော်နိုင်ငံတကာရေးရာကော်မတီမှာ မြန်မာနိုင်ငံအရေး စိတ်ဝင်တစား ရှိခဲ့တဲ့ ဆီးနိတ်အမတ် မာကိုရူဘီအိုဟာ ထရမ့်ပ်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတာက မြန်မာပြည်အတွက် ကောင်းမွန်တဲ့ အလားအလာ ဖြစ်ခဲ့ပါတယ်။

Los Angeles Myanmar Movement အဖွဲ့မှ ဂျိမ်း(စ်)ရွှေက “ကျနော်တို့ သုံးသပ်တာတော့ ၃ ခု ရှိတယ်ဗျ။ ပထမဆုံးကတော့ မြန်မာ့အရေးဟာ သမ္မတထရမ့်ပ်ရဲ့ ခေါင်းထဲမှာ ပြီးတော့ သူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ ဘာတို့ သူတို့ခေါင်းထဲမှာ ရှိနေတယ် မမေ့ဘူး၊ အဲဒါက ကျနော်တို့ အောင်မြင်မှုပေါ့။ ပြီးတော့မှ စစ်တပ်ကို အာဏာသိမ်းတဲ့အတွက် ရှုတ်ချတာ မလျှော့ဘူးဆိုတော့ ဒီစစ်တပ်နဲ့ ညှိနှိုင်းဖို့ ဘာဖို့ လုပ်မယ်ဆိုတာ ဖြစ်နိုင်ခြေ နည်းသွားတာပေါ့လေ၊ လုံးဝမဖြစ်နိုင်တော့တဲ့ကိစ္စ ဖြစ်သွားတာ၊ အဲဒါက နံပါတ် ၂ ပေါ့။ နံပါတ် ၃ ကတော့ အမျိုးသားအရေးပေါ် ကြေညာချက်တွေ ထုတ်တာက Sanction လုပ်လို့ရအောင် ထုတ်တာဗျ။ ဒုတိယကမ္ဘာစစ်ပြီးကတည်းက သမ္မတတွေက Sanction လုပ်ချင်တိုင်း လုပ်လို့မရဘူး။ အမျိုးသားအရေးပေါ်မှ လုပ်လို့ရမယ်ဆိုပြီးတော့ သမ္မတတွေက အဲဒီဥပဒေနဲ့ လုပ်လေ့ရှိတယ်၊ Burma Act တို့ Jade Act တို့ နောက်တခုရှိသေးတယ်ဗျ၊ အဲဒါတွေက သူတို့ကို Sanction လုပ်ဖို့ ကွန်ဂရက်က ခွင့်ပြုထားတယ်။ ဒါပေမဲ့ သမ္မတတွေက အစဉ်အဆက် အဲဒါတွေကို မသုံးဘဲနဲ့ အခုလို အမျိုးသားအရေပေါ်ကြေညာပြီးတော့မှ သူတို့ Sanction တွေ လုပ်လေ့ရှိတယ်လေ။ ခု ထရမ့်ပ်က စစ်တပ်ကို ညှိနှိုင်းဖို့ မိတ်ဆွေလုပ်ဖို့ ရည်ရွယ်ချက်မရှိဘူး၊ လိုအပ်ရင် ဒီ Sanction တွေ ထပ်တိုးနိုင်သေးတယ်ဆိုတာ အဲဒီ ၃ ခုက ဖြစ်နိုင်ခြေရှိတော့ ကျနော်တို့ကတော့ အဲဒါကို အခုလောလောဆယ်မှာတော့ အောင်မြင်မှုလို့ ယူဆတာပေါ့လေ” လို့ ပြောပါတယ်။

စစ်အာဏာစသိမ်းချိန် ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ ဇန်နဝါရီလဆန်းပိုင်းအထိ အမေရိကန်အစိုးရက စစ်ကောင်စီနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှု စုစုပေါင်း ၂၆ ကြိမ် ချမှတ်ထားတယ်လို့ DVB ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်မှု အကြိမ် ၂၀၊ ကုန်သွယ်ရေးဝန်ကြီးဌာနက ၆ ကြိမ် ချမှတ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီနဲ့ ဆက်စပ် လူပုဂ္ဂိုလ် ၉၃ ယောက်၊ အဖွဲ့အစည်း ၆၆ ခုအပေါ် အရေးယူထားတာ ဖြစ်ပါတယ်။

အဲဒါအပြင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက စစ်ကောင်စီရဲ့ အဓိကဝင်ငွေရလမ်းတခုဖြစ်တဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကိုလည်း ငွေကြေးဝန်ဆောင်မှုတွေ ကန့်သတ်ထားပါတယ်။

ဂျိုးဘိုင်ဒင်လက်ထက်မှာ မြန်မာပြည်အရေးကို အမျိုးသားလုံခြုံရေးအဆင့် သတ်မှတ်ကြေညာခဲ့ပြီးနောက် စစ်ကောင်စီကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှု အများအပြား ပြုလုပ်ခဲ့တာ၊ Burma Act လို ဥပဒေတရပ် ပြဋ္ဌာန်းပြီး မြန်မာပြည်သူတွေကို ကူညီဖို့ ကြိုးစားတာတွေ ရှိခဲ့တဲ့အတွက် ထရမ့်ပ်ရဲ့ ကြေညာချက်ဟာလည်း စစ်ကောင်စီအတွက် ကောင်းတဲ့အလားအလာ မဟုတ်ဘူးလို့ NUG သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်က မှတ်ချက်ပေးပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ သူတို့ရဲ့လုံခြုံရေးကို ခြိမ်းခြောက်တဲ့ အနေအထား ရှိနေတဲ့အတွက်ကြောင့် သူတို့ ဆက်ပြီးတော့ အရေးပေါ် သက်တမ်းထပ်တိုးတာ၊ စစ်အုပ်စုကို အရေးယူဖို့အတွက် ဆိုတဲ့သဘော သက်ရောက်တယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုအပ်တဲ့ အရေးယူမှုတွေ ဆောင်ရွက်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဂျိုးဘိုင်ဒင် လက်ထက်တုန်းကလည်း စစ်ကောင်စီကို အရေးယူ အပြစ်ပေးတာတွေ၊ စီးပွားရေး၊ နိုင်ငံရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချခဲ့တယ်ပေါ့နော်။ ခု သမ္မတထရမ့်ပ်ကနေ တနှစ်ထပ်တိုးကြေညာတဲ့ဟာ ကျနော်တို့အနေနဲ့ ကြိုဆိုပါတယ်။ အကြမ်းဖက်စစ်ကောင်စီကို အမေရိကန်ပြည်ထောင်စုနဲ့ ကျနော်တို့ ဒေသတွင်းနိုင်ငံတွေ အားလုံးကလည်း ထိထိရောက်ရောက် အရေးယူဖို့ ဆက်လက်တိုက်တွန်း ပြောကြားချင်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးတဲ့ဟာ သုံးသပ်ပြီးတဲ့ကာလအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့လည်း ကိုက်ညီတဲ့အတွက်ကြောင့် ဆက်လက်ပြီးတော့ ပေးမယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။”

၂၀၂၄ နိုဝင်ဘာလဆန်းပိုင်းကစပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေနဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်ချက် ၄ ခုအတွက် ရောက်ခဲ့တာဖြစ်ပြီး အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးရေး၊ မြန်မာပြည်သူတွေကို တွေ့ဆုံရှင်းလင်းရေးနဲ့ ညီညွတ်ရေးအတွက် တိုက်တွန်းဖို့ စတဲ့အချက်တွေ ဖြစ်တယ်လို့ ဒေါက်တာဆာဆာက ဒေသစံတော်ချိန် ဒီဇင်ဘာ ၈ ရက်က ပြုလုပ်တဲ့ မယ်ရီလန်းပြည်နယ်က မြန်မာပြည်သူတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်မှာ ဖွင့်လှစ်ထားပေမဲ့ မြန်မာနိုင်ငံကိုယ်စားပြု အစိုးရအဖြစ် အသိအမှတ်ပြုခံရရေးကတော့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

အမေရိကန်ရောက် ချင်းလူမှုအဖွဲ့အစည်းတွေက မြန်မာပြည်အရေးကို အမေရိကန်အစိုးရက အာရုံစိုက်လာဖို့ ကြိုးစားအားထုတ်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပြီး လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်နိုင်ဖို့ ကြိုးစားခဲ့တာ တွေ့ရတယ်လို့ ချင်းတိုင်းရင်းသား တက်ကြွလှုပ်ရှားသူတယောက်က မှတ်ချက်ပေးပါတယ်။

DMV Area နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဆိုခယ် က “ဒီအစိုးရသစ်အပေါ်မှာ ကျနော်တို့နိုင်ငံအတွက် ကျနော်တို့ အကူအညီတောင်းမယ်၊ ဒါပေမဲ့ ကျနော်တို့နိုင်ငံကလည်း သူတို့လိုချင်တာ အပြန်အလှန်ရှိရမယ်ပေါ့။ ကျနော်တို့က သွားပြီးတော့မှ ကူညီပါ၊ ပိုက်ဆံလာပေးပါ၊ သေနတ်လာပေးပါ ဆိုတာတွေထက် ချဉ်းကပ်ပုံက မြန်မာနိုင်ငံမှာ သယံဇာတ ဘယ်လောက်ထွက်လဲ၊ ဒီသယံဇာတက ဘယ်နိုင်ငံကို ရောက်နေသလဲ၊ ရှင်းရှင်းပြောရရင် တရုတ်ဆီမှာ အများအားဖြင့် ရောက်နေတယ်ပေါ့နော်။ အာဏာသိမ်းမှုမှာ စစ်ကောင်စီတခုတည်း မဟုတ်ဘဲနဲ့ ကြိုးကိုင်နေတဲ့ အမျိုးမျိုးလုပ်နေတဲ့ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကြိုက်သလို ကစားနေတဲ့ဥစ္စာကို သူတို့သိဖို့ သူတို့က အဓိကချဉ်းကပ်တယ်၊ သူတို့က အဲဒါသိပြီဆိုရင်တော့ လက်ပိုက်မှာ မဟုတ်တော့ဘူး။ ဒီ NUG ကို သူတို့ တရားဝင်လက်ခံလာတယ် ဆိုရင်တော့ လက်ရှိ US DC မှာရှိနေတဲ့ စစ်သံရုံးတို့ မြန်မာသံရုံးတို့တောင်မှ မောင်းထုတ်ခံရတဲ့ အခြေအနေ ရောက်လာမယ်၊ ကျနော်တို့ မြန်မာနိုင်ငံက ရှင်းရှင်းပြောရမယ်ဆိုရင်တော့ စိုးရိမ်အမှတ်မှာ ရှိနေတယ်ဆိုတာကို နိုင်ငံတကာက သိနေတယ်။ ဒါပေမဲ့ ဘယ်သူက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုတယ်ပေါ့နော်၊ အဲဒါလိုတယ်။ ထရမ့်ပ်ကို ကျနော်တို့ကို ကူညီပါ ဆိုပြီးတော့မှ အိမ်ဖြူတော်ထဲ သွားပြောလို့မရဘူး။ ထရမ့်ပ်ရဲ့ သူ့ရဲ့ပါတီ၊ အောက်ကလူတွေအားလုံးက မြန်မာနိုင်ငံအကြောင်းကို သိဖို့လိုတယ်။ ဆိုတော့ အဓိကက သူတို့ အဲဒါတွေကို ချဉ်းကပ်ပြီးမှ ပြောနေတာတွေတော့ ကျနော်တွေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

ဘိုင်ဒင်အစိုးရလက်ထက်မှာ အမေရိကန် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အောက်လွှတ်တော်က ၂၀၂၂ ဒီဇင်ဘာ ၇ ရက်မှာ အတည်ပြုခဲ့ပြီး စာမျက်နှာ ၂၅ မျက်နှာ ပါဝင်တဲ့ Burma Act တခုလုံးကို ထည့်သွင်းခဲ့တာပါ။

Burma Act ပါ ဖော်ပြချက်တွေအတိုင်း မြန်မာ့အရေးအတွက် ဒေါ်လာ ၁၂၁ သန်း အကူအညီပေးမယ့်အချက် ပါဝင်တဲ့ ဘတ်ဂျက် အတည်ပြုချက်ကို သမ္မတဂျိုးဘိုင်ဒင်က ၂၀၂၄ မတ်လမှာ လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

လက်ရှိအချိန်အထိ အဲဒီ ဘတ်ဂျက်လျာထားချက်ကနေ မြန်မာပြည်ကို စီးဆင်းတဲ့ ငွေကြေး ရာခိုင်နှုန်းအနည်းငယ်သာ ရှိနေပြီး ကျန်နေတဲ့ ငွေကြေးတွေ ဆက်လက်ရရှိဖို့ အမေရိကန်ရောက် မြန်မာတွေက လွှတ်တော်အမတ်တွေနဲ့ တာဝန်ရှိသူတွေကို ချဉ်းကပ်ပြီး တိုက်တွန်းတာတွေ ပြုလုပ်နေပါတယ်။

NDAA အရ မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ အမေရိကန်အစိုးရက ၂၀၂၃ ခုနှစ်ကနေ ၂၀၂၇ နှစ်အတွင်း ဘဏ္ဍာရေးရန်ပုံငွေတွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး တော်လှန်ရေး လက်နက်ကိုင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီတွေ အပါအဝင် အစီအစဉ် ၇ ခုကို ပေးအပ်သွားမယ်လို့ အတည်ပြုထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024