
မြန်မာစစ်တပ်ကို စစ်လက်နက်တင်ပို့ရာမှာ စင်ကာပူနိုင်ငံက ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကိစ္စအပေါ် စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က ဖေဖော်ဝါရီ ၅ ရက်မှာ ထပ်မံငြင်းဆိုလိုက်ပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်ပြီးတော့ စင်ကာပူပါလီမန်လွှတ်တော်မှာ အတိုက်အခံ အလုပ်သမားပါတီ လွှတ်တော်အမတ် မစ္စတာ ဒန်းနစ်စ်တန်ရဲ့ မေးခွန်းအပေါ် တုံ့ပြန်ဖြေကြားထားတာလို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်၊ ဧပြီလကနေ ၂၀၂၄ ခုနှစ်၊ မတ်လအထိ မြန်မာကို စင်ကာပူနိုင်ငံက လက်နက်တင်ပို့မှု လျှော့ချရေးမှာ စင်ကာပူနိုင်ငံက ဆက်လက်ကြိုးပမ်းမှုတွေနဲ့ အဲဒီလို ပို့ကုန်တွေ လျှော့ချဖို့၊ ဒါမှမဟုတ် တားဆီးဖို့ ကြိုးပမ်းရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေက ဘာဖြစ်မလဲလို့ မေးမြန်းလိုက်တာ ဖြစ်ပါတယ်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်က “စင်ကာပူကနေ မြန်မာနိုင်ငံဆီ လက်နက်တင်ပို့မှု စွပ်စွဲချက်တွေအပေါ် မစ္စတာ ဒန်းနစ်စ်တန်ရဲ့ ဆက်လက် စိတ်ဝင်စားမှုကို ကျနော် သတိပြုမိပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလနဲ့ ဇူလိုင်လတွေမှာ ဒီအိမ်တော်မှာ ရှင်းပြခဲ့သလို မစ္စတာတန်ရဲ့ မေးခွန်းတွေကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ထပ်မံအတည်ပြုထားတဲ့ ‘စင်ကာပူအစိုးရက ခွင့်ပြုထားတဲ့ အရိပ်အယောင်မရှိဘူး၊ ဒါမှမဟုတ် မြန်မာစစ်တပ်ကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေ တင်ပို့မှုမှာ ပါဝင်ပတ်သက်မှု မရှိဘူး’ လို့ ဖြေကြားချင်ပါတယ်” လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် တွမ်အန်ဒရူးစ်က မြန်မာစစ်တပ်အတွက် စစ်လက်နက်တင်ပို့ရာမှာ စင်ကာပူကုမ္ပဏီ ၄၇ ခု ပါဝင် ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက်မှာ နောက်ထပ် ကုမ္ပဏီ ၉၀ ကျော်ကို ထပ်မံ ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပြောထားခဲ့တာပါ။
ဒါ့အပြင် မြန်မာစစ်တပ်စီ လက်နက်တင်သွင်းရာမှာ စင်ကာပူဟာ အရေးပါတဲ့ ကြားခံနေရာအဖြစ် အမေရိကန်ဒေါ်လာ ၂၅၄ သန်းဖိုး ပေးပို့တင်သွင်းခဲ့တဲ့အပြင် လက်နက်ပွဲစားတွေက စင်ကာပူဘဏ်တွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြတယ်လို့လည်း ဖော်ပြပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံကို စင်ကာပူကနေ လက်နက်တွေ မရောင်းချတာ အချိန်ကာလ ကြာမြင့်လှပြီဖြစ်သလို လက်နက်ရောင်းချတာကိုလည်း တားမြစ်ကန့်သတ်ထားတယ်လို့ အကြိမ်ကြိမ် ငြင်းဆိုထားခဲ့တာပါ။
Justice for Myanmar အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်တွေနဲ့ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ တင်ပို့ရောင်းချတာကို အမေရိကန်နဲ့ ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံတွေက ပိတ်ပင်ထားပေမဲ့ နိုင်ငံတချို့ကတော့ ဆက်လက် တင်ပို့ရောင်းချပေးနေခဲ့ပြီး ဒါတွေကို ဖိအားပေး ဆန့်ကျင်ကြဖို့ ပြောထားပါတယ်။