
အာဏာသိမ်းပြီး ၄ နှစ်ကျော်ရှိပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံတွင်း အခြေအနေတိုးတက်မှု အရိပ်အယောင် မရှိတဲ့အတွက် မြန်မာနိုင်ငံသားအားလုံးရဲ့ အသက်အိုးအိမ်စည်းစိမ်အတွက် အလွန်စိုးရိမ်ပူပန်မိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို လွှတ်ပေးဖို့၊ မြန်မာစစ်တပ်ကို ရှုတ်ချကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုင်ငံတကာအသိုင်းအဝန်းက အကြိမ်ကြိမ်တောင်းဆိုနေပေမဲ့ မြန်မာစစ်တပ်ဟာ ငြိမ်းချမ်းစွာ ဖြေရှင်းရေး လုပ်ဆောင်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလို အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ အရပ်သားအများအပြား နေ့စဉ် သေဆုံး ဒဏ်ရာရရှိလျက်ရှိနေတာ ဆက်လက် တွေ့ရှိနေရကြောင်း၊ ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုနဲ့ အခြားအကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါဝင်ပတ်သက်သူအားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားပါတယ်။
အဆိုပါပြဿနာတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေး ဆွေးနွေးပွဲတွေ အကောင်အထည်ဖော်ဖို့အတွက် ဂျပန်နိုင်ငံက တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးချိန်ကစပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆက်လက်ဆိုးရွားလာခဲ့ပြီး နိုင်ငံတဝန်းမှာ နိုင်ငံသား ၃ ဒသမ ၂ သန်းခန့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်ခဲ့ရတာကိုလည်း အလွန်ဝမ်းနည်းကြေကွဲမိတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ဂျပန်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေအတွက် တိုက်ရိုက်အကျိုးပြုမယ့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေကို တက်ကြွစွာ ပံ့ပိုးပေးမှာဖြစ်ပြီး သက်ဆိုင်သူအသီးသီးနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းရေး ကြိုးပမ်းရာမှာလည်း အာဆီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇော်ဇော်လှိုင်