Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရ ပြက္ခဒိန် ထုတ်မည်
DVB
·
February 3, 2025

နေပြည်တော်မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ကမ်ပိန်းတွေကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက ဦးဆောင်ပြုလုပ်နေတာမှာ အမှတ်တရ ပြက္ခဒိန်ကို အရေအတွက် အကန့်အသတ်နဲ့ ထုတ်ဝေသွားဖို့ ရှိနေပါတယ်။

ကင်မ်အဲရစ်က “ကမ်ပိန်းရဲ့ ရည်ရွယ်ချက်က ရိုးရှင်းလှပါတယ်။ သားဖြစ်သူက အမေ့အတွက် အသက် ၈၀ ပြည့်မွေးနေ့ပွဲလေးကို အမေ့ကိုချစ်တဲ့ မြန်မာပြည်သူပြည်သားတွေနဲ့ အတူတကွ အထိမ်းအမှတ်လေးတခုပြုလုပ်ပေးပြီး မွေးနေ့အလှူအဖြစ် မြန်မာပြည်တွင်းမှ လိုအပ်နေတဲ့ နေရာတွေအတွက် ဆေးရုံ၊ ဆေးခန်း၊ သောက်သုံးရေ၊ ဆေးဝါး၊ အစားသောက် အစရှိတာတွေကို အမေ့ကိုချစ်တဲ့ ပြည်သူတွေနဲ့ အတူတူ ထောက်ပံ့ပေးသွားမယ့် ရည်ရွယ်ချက်လေး ဖြစ်ပါတယ်”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

အထိမ်းအမှတ် ပြက္ခဒိန်ကို အရေအတွက် ၈,၀၀၀ သာ ထုတ်ဝေမှာဖြစ်ပြီး လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်ကနေ မတ် ၂၂ ရက်အထိ ရောင်းချသွားမှာဖြစ်ကာ နိုင်ငံအလိုက် Fundraiser တွေကတဆင့် Preorder ကြိုတင်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

ဈေးနှုန်းကိုတော့ လတ်တလော မသိရသေးဘဲ ဒီပြက္ခဒိန်မှာ ထူးခြားချက်အနေနဲ့ တခြား ပြက္ခဒိန်တွေလို ဇန်နဝါရီမှာစပြီး ဒီဇင်ဘာလမှာ ဆုံးတာမဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် မွေးလဖြစ်တဲ့ ဇွန်လကနေစပြီး နောက်နှစ် မေလအထိပါတဲ့ တခုတည်းသော အနှစ် ၈၀ ပြည့် အတွက် အမှတ်တရ ထုတ်ဝေထားတဲ့ပြက္ခဒိန် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြက္ခဒိန်ရဲ့ လတွေတိုင်းမှာ ခေါင်းစဉ်လေးတွေပါပြီး ခေါင်းစဉ်နဲ့လိုက်ဖက်တဲ့ အနုပညာလက်ရာတွေကို ဖော်ပြပေးထားသလို ပြက္ခဒိန်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ အမှတ်တရရက်တွေကို ဖော်ပြထားတာကြောင့် ပြက္ခဒိန်ကိုကြည့်ရုံနဲ့ စာအုပ်ဖတ်ဖို့ မလိုဘဲ အရေးကြီးတဲ့ရက်စွဲတွေကို သိရှိနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကမ်ပိန်းအနေနဲ့ နောက်ထပ် အစီအစဉ် ၂ ခုကိုပါ ဆက်လက် စီစဉ်ထားပြီး အဲဒါတွေကတော့ ကမ္ဘာတဝန်းက မွေးနေ့ဆုတောင်းဗီဒီယိုတွေ စုဆောင်းကာ Guinness World Record Book  ကမ္ဘာ့စံချိန်ချိုးနိုင်အောင် ပြသသွားမယ့်အပြင် အမေ့အတွက် မွေးနေ့ဆုတောင်း Electronic Birthday Card တွေ ဝယ်ယူပြီးတော့ မွေးနေ့ဆုတောင်းတွေ ရေးသားပေးပို့နိုင်မယ့် အစီအစဉ်တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကတည်းက ဖမ်းဆီးအကျဉ်းချထားဖြစ်ပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသလို ထောင်ဝင်စာတွေခွင့်လည်း မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတာ ဖြစ်ပါတယ်။

အကျဉ်းချခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှာ စစ် ခေါင်းဆောင်ဆီ  စာပေးပို့တောင်းဆိုခဲ့ပါသေးတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားတာ ၄ နှစ်တိတိပြည့်တဲ့နေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့က စစ်ကောင်စီသံရုံးကို သွားရောက်ပြီး မိခင်ဖြစ်သူကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ပေးဖို့   စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တောင်းဆိုထားတဲ့ စာပေးပို့ခဲ့တာပါ။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို  စုစုပေါင်း အမှု ၁၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းမှာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဆိုပြီး အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ်ကို လွတ်ငြိမ်းခွင့်ပေးခဲ့တာကြောင့် ကျန်တဲ့ ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013