Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးပြီး ဆွေးနွေးမှုစတင်ရန် တိုက်တွန်း
DVB
·
January 16, 2025

မြန်မာ့နိုင်ငံရေး အပြောင်းအလဲရှေ့တိုးဖို့ စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးပြီး ဆွေးနွေးမှုတွေ စသင့်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုပြန်ကြားရေးကော်မတီဝင်က ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်ပေးပြီး ဆွေးနွေးမှု လမ်းကြောင်း ပေါ်တက်သင့်ပြီလို့ NLD ဗဟိုပြန်ကြားရေးကော်မတီဝင် ဦးငြိမ်းသစ်က ပြောပါတယ်။

“မြန်မာ့နိုင်ငံရေးရှေ့တိုးဖို့ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ သမ္မတကြီးဦးဝင်းမြင့်၊ နောက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့လိုပါတယ်။ နိုင်ငံရေးတိုးတက်ဖို့အတွက် ဆွေးနွေးမှုတွေ အမြန်ဆုံး စတင်သင့်နေပါပြီ။”

စစ်အစိုးရအဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက် အဖမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ နေအိမ်အကျယ်ချုပ်အပါအဝင် အကျဉ်းထောင်ထဲမှာ နေရတဲ့အချိန်ဟာ စုစု ပေါင်း ၁၉ နှစ်အထိရှိနေပြီလို့ ဗြိတိန်အခြေစိုက် လူအခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ဘားမားကမ်ပိန်း(ယူကေ)က ဇန်နဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကိုပြန်လွှတ်ပေးပို့ ဘားမားကမ်ပိန်း(ယူကေ) အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက အကြိမ်ကြိမ် တောင်းဆိုခဲ့ပေမဲ့ စစ်ကောင်စီက လစ်လျူရှုထားဆဲ ဖြစ်ပါတယ်။

NUG သမ္မတရုံးပြောခွင့်ရှိသူ ဦးကျော်ဇော်က “ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်မျိုးကို နိုင်ငံတကာကနေပြီးတော့ သူ့ရဲ့ကျန်းမာရေး၊ လုံခြုံရေးအတွက် စိတ်ပူနေကြတဲ့အချိန်မှာ တခြား နိုင်ငံခေါင်းဆောင်တွေကလည်း တွေ့ဆုံဖို့အတွက်တောင်းတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုနဲ့တောင် ပေးမတွေ့ဘူး။ ရှေ့နေနဲ့တောင်ပေးမတွေ့ဘူးဆိုတာ အင်မတန်မှဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတရပ်ကို စစ်ကောင်စီကလုပ်နေတာပဲ။ ဘယ်လိုမှလက်ခံစရာအ ကြောင်းမရှိဘူး။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးရမယ့်ဟာ သူနဲ့တွေ့ဆုံခွင့်တောင် မပေးဘူးဆိုတာ စစ်ကောင်စီရဲ့ တင်းမာတဲ့ နိုင်ငံရေးဖြေရှင်းချက်လိုချင်တဲ့ ဆန္ဒလုံးဝမရှိဘူးဆိုတာပြသနေတာပါ”လို့ ပြောပါတယ်။

ပြည်တွင်းမှာ တိုင်းရင်းသားအင်အားစုတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ရေးအရ တစတစအသာစီးယူလာပြီး မြို့ပေါင်း ၁၀၀ ကျော်အထိ သိမ်းယူထားပါတယ်။

ဒီအခြေအနေမှာ မြန်မာပြည်တွင်းမှာ စစ်ဘောင်ကျယ်နေပြီး နိုင်ငံရေးဘောင်ကျဉ်းနေတာကြောင့် နိုင်ငံရေး အပြောင်း အလဲဖြစ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးဟာ ပြည်တွင်းမှာကျန်နေတဲ့ နိုင်ငံရေးအစုအဖွဲ့တွေအတွက် အရေးပါနေပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ  ဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က “ပါတီခေါင်းဆောင်တယောက်အနေနဲ့ သူ့သဘောထားတွေကို လွတ်လွတ်လပ်လပ် ပြောခွင့်ဆိုခွင့်၊ ပြီးတော့ သူ့ပါတီဝင်တွေကိုလည်း သူပြောခွင့်ဆိုခွင့် ရှိသင့်တယ်လို့ထင်ပါတယ်။ အဲ့ဒါရှိမှပဲ ကျနော်တို့က ချင့်ချိန်လို့ရမှာပေါ့နော်၊ အခုက သူ့ဆီက ဘာသံမှလည်းမကြားရဘူး။ ဘာမှတ်ချက်မှလည်းမရဘူး။ ဆိုတော့အဲ့ဒါက ကျနော်တို့ မျှော်မှန်းတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို အများကြီးထိခိုက်တယ်လို့မြင်မိပါတယ်။ ပျက်မသွားအောင်လည်း ဒီလိုပဲထိန်းထားတယ်။ ကျနော်က NLD ကို အဲ့ဒီလိုဖြစ်စေချင်တာ၊ သူတို့ကိုလည်း တိုက်တွန်းနေတယ်။ ဘယ်သူမှ ဘာမှမထွက်လာဘူး။ အပြင်ထွက်သွားတဲ့လူကတော့ အထူးသဖြင့် US တို့ဘာတို့ ရောက်သွားတဲ့လူတွေကျတော့ အရမ်းဝေးတဲ့ နေရာရောက်သွားတဲ့ အခါကြတော့ ဘာမှမလုပ်တော့ဘူးလို့ကျနော်ထင်တယ်၊ လုပ်တယ်ဆိုတဲ့ဟန်ပြပဲ၊  အားလုံးတော့ မဟုတ်ဘူးပေါ့ဗျာ၊ တချို့ပေါ့”လို့ ပြောပါတယ်။

စစ်ကောင်စီလက်ထက်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀၀၀ ကျော်အထိရှိနေပြီး သူတို့ကိုပြန်လည်လွှတ်ပေးဖို့နဲ့ ဆွေးနွေးပွဲလမ်းကြောင်းပေါ်တက်ဖို့ စစ်ကောင်စီကို ဒေသတွင်း အာဆီယံအဖွဲ့က တိုက်တွန်းမှုတွေဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးတိုက်တွန်းချက်ဟာ ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီးနိုင်ငံတွေအတွက်သာမက စစ်ကောင်စီဘက်က ရပ်ခံပေးနေတဲ့ တရုတ်အစိုးရရဲ့ လိုလားချက်လည်းဖြစ်နေပေမဲ့ စစ်ကောင်စီက လစ်လျူရှုနေခဲ့တာ ဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013