Home
ဆောင်းပါး
ဟပ်စလေ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အနည်းဆုံးဝါဒီ
DVB
·
January 27, 2025

ဘုန်းကြီးဆိုတာ လောဘမကြီးရဘူးလို့ ဦးပဥ္စင်းက ဆိုလိုက်တော့ တရက်တာ ရထားစီး၊ သင်္ဘောစီးနဲ့ ပန်းခဲ့သမျှ ချက်ချင်းဆိုသလို လန်းသွားခဲ့တယ်။ ထုံးစံမပျက် သင်္ကြန်ပိတ်ရက်မှာ လီဗာကို တဆုံးနင်းထားရတဲ့ ရန်ကုန်ကို ခဏစွန့်ကာ ပထမအိမ် ဇာတိမြေသို့ အပြေးနှင်ခဲ့တယ်။ ဦးလေးကလည်း ထုံးစံအတိုင်းပဲ အထုပ်ချရုံရှိသေး ဦးပဥ္စင်းကို သွားကန်တော့ကြမယ်တဲ့။ ရောက်တာနဲ့ ရွာဦးကျောင်းတက် ဆရာတော်ကို ဦးချခြင်းဟ ကျနော်တို့ဇာတိရဲ့ အလေးအမြတ်ပြုခြင်း အစဉ်အလာ။ ကန်တော့မယ့် ပစ္စည်းတွေယူကာ တောင်စောင်းပေါ် ဖွဲ့စည်းထားတဲ့ ရွာဦးကျောင်းဆီသို့တက်။ ဦးပဥ္စင်းကို ကန်တော့ဖို့ရာ ဒီနှစ်ထဲမှာ ကျနော် ထုတ်ဝေခဲ့တဲ့ နိုင်ငံရေးဆိုင်ရာနဲ့ ခရီးသွားရသ အက်ဆေး စာအုပ် ၂ အုပ်၊ မြို့သားတွေ ခံတွင်းလိုက်ကြတဲ့ ဂျေဒိုးနတ်မုန့်နဲ့ ပြင်ဦးလွင်ကော်ဖီ မွှေးမြမြ။

စာကို အရသာခံဖတ်တတ်တဲ့ ဦးပဥ္စင်းကလည်း ထုံးစံမပျက် စာအုပ်နှစ်အုပ်ကို လှန်လှောကာ ဟိုး..ငယ် စဉ်ကတည်းက မြင်နေကျအတိုင်း လေးနက်ကြည်လင်စွာ ပြုံးလို့။ ဦးပဥ္စင်းက သူ့ဒါယကာရင်းတယောက် ကလောင်တချောင်း ပိုင်နေတဲ့အပေါ် သိပ်ကျေနပ်တယ်။ ပြီးတော့ ဦးပဥ္စင်းကြိုက်တဲ့ စာရေးဆရာတွေရဲ့အကြောင်းနဲ့ ဦးပဥ္စင်း သိပ်ကြည်ညိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြောင်း ကြားရရင် မျက်လုံးဟာ အလိုလို လက်လို့။

ဦးပဥ္စင်းက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးတရားထူးရနေသူလို့ ဆိုတယ်။ ပြီးတော့ မိုးမဆုံးမြေမဆုံးသော အောင်မြင်ကျော်ကြားမှုတွေကြောင့် အောက်ခြေမလွတ်တဲ့ ခံနိုင်ရည်။ သာမန်လူနဲ့ တော်ရုံရဟန်း ဘယ်လိုမှ မလှမ်းနိုင်တဲ့ အကျင့်အကြံ။

“အမေစုက နိုင်ငံရေးလည်း ပြီးနေပြီ။ လူတယောက်အဖြစ်မှာလည်း လူတယောက်အဓိပ္ပာယ်ထက် ပိုပြီးမြောက်နေပြီ”တဲ့။ ကျနော် ရောက်သွားတဲ့အချိန်က ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မို့ ကျနော်တို့ ဦးပဥ္စင်း သိပ်ကျေနပ်တယ်။

“NLD အစိုးရလက်ထက်မှာ တိုင်းပြည်အတွက် ဘာတခုမှ မစွမ်းဆောင်နိုင်ခဲ့ရင်တောင် အမေစု နိုင်ငံ ခေါင်းဆောင်ဖြစ်တာ တခုတည်းနဲ့ ကျေနပ်တယ်” လို့လည်း ဦးပဥ္စင်းက မိန့်တယ်။

ပြီးတော့ ဦးပဥ္စင်းအကြိုက် ပြင်ဦးလွင် ကော်ဖီမှုန့်ကိုယူ၊ ဂျေဒိုးနတ်မုန့်တွေကိုတော့ အနားမှာရှိနေတဲ့ ဒါယကာနှစ်ယောက်နဲ့ ဘုန်းကြီးကျောင်းသားလေးတွေကို ကျွေးလိုက်တယ်။ ဦးပဥ္စင်း နည်းနည်းမြည်းကြည့်ပါလားလို့ ပြောမိတော့ ဘာမှမဆို။ လွန်ခဲ့တဲ့ နှစ် ၄၀ ကျော် ရဟန်းပျိုဘဝ တုန်းကအတိုင်း စကားကို မလိုအပ်ဘဲ မပြော၊ အစားအစာတွေကိုလည်း လိုအပ်သလောက်သာ ဘုန်းပေးမြဲ။ ဦးပဥ္စင်းက ဒီ မြေမှာမွေး၊ ဒီမြေမှာကြီး ဒီဘုန်းကြီးကျောင်းမှာ သင်္ကန်းစီးပြီး စာသင်သားဘဝတုန်းက မြို့ ကြီးတကာ လှည့်လည်ကာ ဘုန်းကြီးစာသွားသင်ခဲ့တာကလွဲလို့ ဒီမြေသင်းနံ့မှာသာ အရသာခံ အထိုင်ချ။ ကိုယ်တွေ အဘိုးအဘွး လက်ထက်ကတည်းက ဒီကျောင်းနဲ့ ဒီသံဃာ ဆရာ၊ ဒကာရင်းတွေမို့ နှုတ်ကျိုးနေကျ အတိုင်း ဦးပဥ္စင်းလို့ ခေါ်နေပေမဲ့ ဦးပဥ္စင်းက ရွာဦးကျောင်းဆရာတော်တင်မက ဒီနယ်တစ်ကြောမှာ သံဃာတွေ အလေးအနက် ပြုကြတဲ့ ဆရာတော်။ သက်တော်က ၇၀ ဘက်ခြမ်း လှမ်းကြည့်နေပြီဖြစ်တဲ့အရွယ်။

ကျနော်တို့ ဇာတိမြေမှာ ဦးပဥ္စင်းက အင်မတန်လောဘကင်းတဲ့ ဘုန်းကြီးတပါးအဖြစ် နာမည်ကြီး တယ်။ ဟိုး…ငယ်စဉ် ရဟန်းပျိုဘဝကတည်းက စာဖတ်တဲ့ ဦးပဥ္စင်း၊ အင်္ဂလိပ်စာတတ်တဲ့ ဦးပဥ္စင်း၊ ရပ်ရွာအကျိုး သယ်ပိုးတဲ့ ဦးပဥ္စင်း၊ ငွေမကိုင်တဲ့ ဦးပဥ္စင်း၊ ခြိုးခြံချွေတာတဲ့ ဦးပဥ္စင်းအဖြစ် ဒါယကာတွေရဲ့ အလေးအမြတ်ပြုခြင်း ခံရတယ်။ ကျေးလက်တို့ ထုံးစံအတိုင်း အလှူအတန်းတွေလည်း ပေါပါ့၊ အလှူကြီး၊ အလှူငယ် ဘုန်းကြီးဝိုင်းဆိုရင် ဟင်းကောင်းတွေက ဖွယ်ဖွယ်ရာရာများလှ။ ဦးပဥ္စင်းကတော့ ဟင်းပွဲဘယ်လောက်များများ ဆွမ်းဘုဉ်းရင် အသား နည်းနည်း၊ အရွက်နည်းနည်း၊ ထမင်းနည်းနည်းနဲ့ ဟင်းချိုလေး တဇွန်း၊ နှစ်ဇွန်း ခပ်သောက်တယ်ဆိုရုံ။

“ဆရာတော် ဆွမ်းဘုဉ်းလို့ကောင်းရဲ့လား” လို့ မေးမိရင်တော့ ဘယ်ဘုန်းကြီး၊ ဘယ်ဒါယကာကိုမှ အားမနာ “ဆွမ်းဘုဉ်းတယ်ဆိုတာ အရသာခံဖို့ မဟုတ်ဘူး” လို့ ဖြေလေ့ရှိတယ်။

“ရဟန်းပျိုဘဝတုန်းက ကိုယ့်ကို လူမုန်းများမှာစိုးလို့ ကိုယ် ယုံသလို မပြောရဲခဲ့ဘူး။ အခု အသက်ကြီးမှပဲ လူမုန်းခံရဲလာလို့ ပြောချင်ရာရှိရင် ပြောထွက်လာတာ” လို့ ဦးပဥ္စင်းက မိန့်တယ်။

ရဟန်းပျိုဘဝတုန်းက ယုံသလို မပြောရဲခဲ့ပေမဲ့ သူ့မူကိုတော့ အလျှော့မပေး။ ဆွမ်းစားကောင်းလွန်းလို့ နှစ်ပန်းကန် ဘုဉ်းလိုက်တယ်ဆိုတာမျိုး မရှိ။ နိုင်ငံခြားဖြစ်ဆို ပေါင်မုန့်နဲ့ ကိတ်မုန့်ကအစ မဘုန်း။ ဦးပဥ္စင်း ပြောနေကျစကားက မြန်မာမုန့်နဲ့တင် ဒီခံတွင်းက လုံလောက်တာထက် ပိုနေပါပြီတဲ့။ ကျောင်းဝေယျာဝစ္စ ကိုယ်လုပ်နိုင် တာမှန်သမျှ ချုံနွယ်ပိတ်ပေါင်း ရှင်းလင်းတာကအစ ကိုယ့်ဘာသာလုပ်၊ ဘယ်သူ့ကိုမှ မခိုင်း။ ကိုယ့်ကြောင့် ဒါယကာတွေ ဝန်မပိစေရ ဆိုတာ ဦးပဥ္စင်းရဲ့ မူ။ ဆရာကြီးရွှေဥဒေါင်းကို အလေးအမြတ်ပြု အချိန်နာရီတိကျမှုသည် လည်း ဦးပဥ္စင်းရဲ့ မူ။

ဘုန်းကြီးပညာရေးမှာ အလယ်အလတ်အဆင့် ပေါက်မြောက်ခဲ့တဲ့ ဦးပဥ္စင်းဟာ ကျနော်တို့ တောမြို့မှာ တရားဟောကောင်းတဲ့ ဘုန်းကြီးအဖြစ်လည်း နာမည်ကျော်။ လှူဖွယ်ပစ္စည်းနဲ့ ဝတ္ထုငွေ မကိုင်တဲ့ ဘုန်းကြီးအဖြစ်လည်းကျော်။ ဒါယကာတွေ လှူတဲ့ငွေကို အတူပါလာတဲ့ ဘုန်းကြီးကျောင်းသား ဒါမှမဟုတ် ကပ္ပိယက ကိုင်၊ ကျောင်းရောက်ရင် မှန်ပုံးထဲထည့်။ နည်းနည်းများလာရင် ဦးပဥ္စင်းရဲ့ ဒါယကာရင်း ကျနော်တို့ဦးလေးက စာရင်းဇယားနဲ့ လက်ခံသိမ်းဆည်း။ ကြည်ညိုသူ ဒါယကာ ပေါတာကြောင့် လှူဒါန်းငွေတွေကလည်း များပါ့။ ကျောင်းအဆောက်အအုံပြုပြင်ထိန်းသိမ်းရေးနဲ့ ကျောင်းဝေယျာဝစ္စအတွက် ငွေထုတ်သုံးတယ်။ ရွာထဲက ဆင်းရဲနွမ်းပါးတဲ့ သက်ကြီးရွယ်အိုတွေနဲ့ အနီးဝန်းကျင်က ဘုန်းကြီးတွေရဲ့ ကျန်းမာရေးကိစ္စ အဲဒီငွေ ထုတ်သုံးတယ်။ ပြီးတော့ ရဟန်းပျိုတွေနဲ့ ရွာထဲက ကလေးတွေရဲ့ ပညာရေး၊ ပြီးတော့ ရပ်ထဲရွာထဲ အများနဲ့ဆိုင်တဲ့ကိစ္စ။ အသုံးလိုတဲ့အခါ ငွေကိုင် သူ့ဒါယကာရင်းဆီက တောင်းတယ်။ ဘယ်နေရာမှာ ဘယ်လောက် သုံးသင့်သလဲ အကြံပြုချက် တောင်းတယ်။ ဒါပေမဲ့ ဦးပဥ္စင်း ပိုင်တဲ့ငွေ ဘယ်လောက်ရှိသလဲ မမေး။ ငွေဘယ်လောက် ရှိနေမှန်းလည်း စိတ်မဝင်စား။ သူ့တကိုယ်ရေကိစ္စအတွက် သူ့ပိုင်ငွေ သုံးပစ်လိုက်တယ်ဆိုတာမျိုး တခါမှမရှိ။

“ငွေမကိုင်တာ မဟုတ်ဘူး။ ငွေနဲ့ ဝေးဝေးနေတာ။ ငွေဆိုတာ ဘုန်းကြီးတွေအတွက် ကျည်ဆန်ပဲ”လို့ ဦးပဥ္စင်းက မိန့်လေ့ရှိတယ်။

ဦးပဥ္စင်းအသက် ၄၀ ကျော်လာတော့ စည်းကမ်းလည်း ပိုကြီးလာ၊  သူယုံကြည်သလိုလည်း ပြောလာတယ်။ ဆွမ်းစားလာဖိတ်ရင် ဒါမှမဟုတ် ဘုန်းကြီးကျောင်းမှာ ဆွမ်းလာကျွေးတဲ့အခါ ဘုန်းကြီးတွေကို နည်းနည်းကျွေး၊ လူတွေကို များများကျွေးလို့ မိန့်တယ်။ ဆွမ်းစားဖိတ်သူတိုင်းကို အသားတခွက်၊ အသီးအရွက်ကြော်တခွက်နဲ့ ဟင်းချို အဲဒါထက် မပိုစေနဲ့လို့ အတိအကျ မှာတယ်။ ဘုန်းကြီးကို လာပင့်ရင် အချိန်အတိအကျ လာကြဖို့လည်း မှာတယ်။ မလိုအပ်တဲ့နေရာတွေမှာ လျှောက်မလှူဖို့လည်း မှာတယ်။ တရားပွဲတွေမှာ ဘုန်ကြီးကို လှူမှ၊ စေတီပုထိုးတွေကို လှူမှ ကုသိုလ်ရမယ်ဆိုတာ လုံးဝမဟုတ်ကြောင်း ခပ်နာနာဟောလေ့ရှိတယ်။

“သာသနာကို အထောက်အပံ့ပြုကြဖို့ လိုပါတယ်။ ဒါပေမဲ့၊ ဘုန်းကြီးကို လှူမှ ကုသိုလ်ရတယ်ဆိုတာတော့ မဟုတ်ဘူး။ လူတွေ ကောင်းကျိုးတခုခု သယ်ပိုးနိုင်ခြင်းဟာ မြတ်သောအလှူဒါနပဲ” လို့ ဦးပဥ္စင်းက မိန့်လေ့ရှိတယ်။

မလိုအပ်တာတွေ လျှောက်မလှူနဲ့တဲ့။ အပေါ်ယံ ပကာသနအလှူ ဘာကုသိုလ်မှ ရမှာမဟုတ်ဘူးတဲ့။ ဘုန်းကြီးကျောင်းအတွက် မီးစက်လှူမယ်ဆိုတော့ ငြင်းလိုက်တယ်။ နွေဆိုရင် သိပ်ပူတယ်၊ နေ့လယ်နေ့ခင်း ဆရာတော် အဲကွန်းနဲ့ နေဖို့လိုတယ်ဆိုပြီး အဲကွန်းလှူမယ်ဆိုတော့ ဘုန်းကြီးဆိုတာ ဒီအပူလောက်တော့ ခံနိုင်ရည်ရှိရမှာပေါ့တဲ့။ ရပ်ထဲရွာထဲနဲ့ တောင်ပေါ်တက်တဲ့ လမ်းတလျှောက် အရိပ်ရသစ်ပင် စိုက်ပျိုးဖို့သာ လှူဒါန်းဖို့ ဆော်ဩတယ်။ ဘုန်းကြီးကျောင်းဝင်းထိပ်မှာ မုခ်ဦး တည်မယ်၊ ကျောင်းခြံစည်းရိုး အုတ်တံတိုင်းထိုး လှူချင်တယ်ဆိုတော့လည်း ဘုန်းကြီးကျောင်း ဆိုတာ လှဖို့ မလို၊ တော်ရုံသင့်ရုံ သံဆူးကြိုးလောက်ကာထားတာ မလုံခြုံရင်လည်း မတတ်နိုင်။ ဘုန်းကြီးဆီမှာ တပြားမှမရှိတာ တမြို့လုံး အသိ၊ ဘယ်ဓားပြမှလည်း လာစရာအကြောင်းမရှိ။ ကလေးတွေ ကျောင်းသွားတဲ့လမ်းကိုသာ ကွန်ကရစ်ခင်းလှူဖို့ ဆိုတယ်။

ဘုန်းကြီး ဆိုတာ အလိုရမ္မက်နည်းဖို့ လိုတယ်။ ဘုန်းကြီးဆိုတာ ငါသိ ငါတတ် ငါသည်သာ အမှန်၊ ငါ ပြောသလိုသာ အကုန်လုပ်ကြ၊ လူတွေကို မာန်မဲဟိန်းဟောက် အာဏာရှင်တယောက် မဖြစ်ဖို့ လိုတယ်။ သင်္ကန်းဝတ်ထားရုံနဲ့ ဘုန်းကြီးမဖြစ်ဘူး။ ညစာ မစားရုံနဲ့လည် ဘုန်းကြီးမဖြစ်ဘူး။ ဘုန်းကြီးဆိုတာ လောဘကုန်အောင် အားထုတ်ရမယ်။ ဘုန်းကြီးဆိုတာ မာန်မာနကုန်အောင် ကျင့်ကြံရမယ်။ ဘုန်းကြီးဆိုတာ မီနီမန်လစ်ဇင် အနည်းဆုံးဝါဒီ။ ဒီဘဝမှာ ဘာတရားထူးမှ မရရင်တောင် တကိုယ်စာ လိုအပ်ချက် နည်းနိုင်သမျှ အနည်းဆုံးဆီသို့ ရောက်အောင် လျှောက်နိုင်ရမယ်လို့လည်း ဦးပဥ္စင်းက မိန့်တယ်။

အဲဒီလို ကျနော်တို့ ဦးပဥ္စင်း၊ အခု ရေခြားမြေခြား ကမ္ဘာကြီးလည်း နည်းနည်းခြားသလို ဖြစ်နေတဲ့ သူ့ဒါယကာ ကျနော့်ဆီ ဖုန်းဆက်တယ်။ စာရေးဆရာကြီးဟပ်စလေ (Aldous Huxley) ရဲ့ ကျော်ကြားတဲ့ ဒဿန လောဘ၊ ဒေါသ၊ မောဟတွေကို တနေ့ နည်းနည်း လျှော့သွားနိုင်မယ်ဆိုရင် သေတဲ့အချိန်ရောက်တဲ့အခါ အဲဒီရမ္မက်ဇောတွေ သေစရာ ဘာမှမကျန် လုံးဝချုပ်ငြိမ်းနေပြီတဲ့။

စာရေးဆရာကြီး ဟပ်စလေရဲ့ ဒဿန ဒေါ်အောင်ဆန်းစုကြည်က လက်တွေ့ကျင့်ကြံပြခဲ့တယ်တဲ့။ ဦးပဥ္စင်းလည်း အမေစုလမ်းပေါ် ယုံကြည်စွာ လျှောက်လှမ်းနေတယ်တဲ့။ ဟပ်စလေရဲ့ ဒဿန ဦးပဥ္စင်း ဘာကြောင့် ကျနော့်ဆီ တကူးတက ဖုန်းဆက်ပြောတာလဲ မမေးမိ။

လင်းဆက်ငြိမ်းချမ်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024