
နေပြည်တော်မှာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပေးဖို့နဲ့ ပြန်လွှတ်ပေးဖို့ သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က စစ်ခေါင်းဆောင်ထံ စာပေးပို့တောင်းဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးအကျဉ်းချထားတာ ၄ နှစ်တိတိပြည့်တဲ့နေ့မှာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ စစ်ကောင်စီ သံရုံးကို ကင်မ်အဲရစ်ကသွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ တွေ့ခွင့်ပေးဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီ တောင်းဆိုထားတဲ့စာပေးပို့ခဲ့တာပါ။
ကင်မ်အဲရစ်က သံရုံးရှေ့ကနေဝင်ရောက်ပြီး စာပေးဖို့ကြိုစားခဲ့ပေမဲ့ သံရုံးတာဝန်ရှိသူတွေက တံခါးဖွင့်မပေးခဲ့သလို ဘယ်သူတဦးတယောက်မှ ထွက်မလာခဲ့တဲ့အတွက် စာထည့်တဲ့ နေရာကနေသာ စာပေးအပ်နိုင်ခဲ့တာကို သူ့ရဲ့လူမှုကွန်ရက်မှာတင်ထားတဲ့ ရုပ်သံ ဗီဒီယိုမှာ တွေ့ရပါတယ်။
မြန်မာစစ်အာဏာရှင်ဟာ တိုင်းပြည်လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ၇၉ နှစ်အရွယ် အမျိုးသမီးကြီးတယောက်ကို အကျဉ်းထောင်မှာ တယောက်တည်းမတရား ဖမ်းဆီး ချုပ်နှောင်ထားတာဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီအတွက် သားတယောက်အနေနဲ့ အင်မတန်မှ စိတ်ထိခိုက်နာကျင်ရတယ်လို့ စာပို့အပြီးမှာ ကင်မ်အဲရစ်က ပြောပါတယ်။
“မေမေချုပ်နှောင်ခံထားရတာ ၄ နှစ်ရှိပါပြီ၊ ၁၀ စုနှစ်များစွာ သူ့ရဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးပြီးနောက်မှာပေါ့။ မေမေချစ်တဲ့ မြန်မာပြည်နဲ့ ပြည်သူတွေအတွက် ဆက်ပြီး ကြိုးစားပါမယ်။ ကျနော့်အဘိုးက လွတ်လပ်ရေး ရအောင် ကြိုးပမ်းနေဆဲမှာပဲ လုပ်ကြံသတ်ဖြတ်ခံရတယ်။ ကင်ဆာရောဂါခံစားနေရတဲ့ ကျနော့်အဖေဟာလည်း နောက်ဆုံးအချိန်အထိ မေမေ့ကို တွေ့ခွင့်မရခဲ့ဘူး။ ကျနော်တို့ ညီအစ်ကိုတွေလည်း အချိန်အတော်ကြာတဲ့အထိ မေမေ့ကိုတွေ့ခွင့်မရခဲ့ဘူး။ ဒါတွေဟာ ကျနော်တို့ မိသားစုခံစားခဲ့ရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံတွေဖြစ်တယ်။ မေမေဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ လမ်းကြောင်းအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်တယ်။ မီးတောက်လိုပြင်းပြတဲ့ဆန္ဒဟာ ဘာကြောင့်မှ မငြိမ်းစေရဘူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုနှစ်ထဲမှာ အသက် ၈၀ ပြည့်တော့မှာဖြစ်ပြီး ဒီအထိမ်းအမှတ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ကမ်ပိန်းလှုပ်ရှားမှုကို သူ့ရဲ့ သားငယ် ကင်မ်အဲရစ်က လူမှုကွန်ရက်မှာ စတင်ပြုလုပ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက ဖမ်းဆီးအကျဉ်းချထားဖြစ်ပြီး သူ့ရဲ့ ရှေ့နေတွေနဲ့ တွေ့ခွင့်မပေးသလို ထောင်ဝင်စာတွေခွင့်လည်း မရဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ခံထားရတာဖြစ်ပါတယ်။