Home
မြန်မာသတင်း
မြန်မာစစ်တပ်အတွက် လေယာဉ်နှင့် ဆက်စပ်ပစ္စည်းများ မရောင်းချရန် အရပ်ဘက်အဖွဲ့ ၃၆၀ ကျော် တောင်းဆို 
DVB
·
February 5, 2025

Airbus ကုမ္ပဏီအနေနဲ့  တရုတ်ကုမ္ပဏီနဲ့ စီးပွားရေးဆက်ဆံမှုတွေ ရပ်တန့်ဖို့နဲ့ မြန်မာစစ်အုပ်စုကို လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချမှုကို တားမြစ်ပြီး အရေးယူဆောင်ရွက်ဖို့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုလိုက်ပါတယ်။

လေယာဉ်ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တဲ့ Airbus ကုမ္ပဏီနဲ့ AVIC (Aviation Industry Corporation of China) တို့ရဲ့ စီးပွားရေးဆက်ဆံမှုတွေကို စုံစမ်းစစ်ဆေးပေးဖို့လည်း နယ်သာလန်အစိုးရကို မြန်မာတော်လှန်ရေးအင်အားစုတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၃၆၁ ဖွဲ့က လက်မှတ်ရေးထိုးပြီး  အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ဒီအိတ်ဖွင့်ပေးစာကို ဖေဖော်ဝါရီ ၅ ရက် နေ့စွဲနဲ့ ပေးဖို့ခဲ့တာဖြစ်ကြောင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign) က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

Airbus ဟာ ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ AviChina Industry & Technology Company Limited ကတဆင့် AVIC ရဲ့ ကုမ္ပဏီခွဲများစွာမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်ထားတာ ဖြစ်သလို AviChina ရဲ့ အကြီးဆုံး နိုင်ငံတကာရှယ်ယာရှင်လည်း ဖြစ်ပါတယ်။

၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် AviChina ရဲ့ နောက်ဆုံးထုတ် အစီရင်ခံစာအရ ကုမ္ပဏီရဲ့ အဓိက ထုတ်ကုန်တွေဟာ K8 လေ့ကျင့်ရေးလေယာဉ်နဲ့ Y-12 ဘက်စုံသုံး လေယာဉ်တွေ ဖြစ်ပါတယ်။

ဒီလေယာဉ် ၂ မျိုးလုံးဟာ မြန်မာစစ်အုပ်စုက အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း ဝယ်ယူ အသုံးပြုခဲ့ပြီး အရပ်သားပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေမှာ ဆက်လက် အသုံးပြုကြောင်း မှတ်တမ်းတွေ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ဒါကြောင့် Airbus ရုံး အခြေစိုက်တဲ့ နယ်သာလန်နိုင်ငံက အစိုးရတွေအနေနဲ့ AVIC နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတဲ့ Airbus ရဲ့ လုပ်ငန်းတွေကို စုံစမ်းစစ်ဆေးပေးကြဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013