Home
ရုပ်သံ
အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာပြည်ခရီးစဉ်ကနေ ဘာတွေ မျှော်လင့်နိုင်မလဲ
DVB
·
February 5, 2025
Photo: Suhakam/Free Malaysia Today

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ မလေးရှားနိုင်ငံက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အော့သ်မန် ဟာရှင်ဟာ သူ့ရဲ့ပထမဆုံးအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်အထိ ၃ ရက်ကြာ လာရောက်ဖို့ ရှိပါတယ်။

ဒီခရီးစဉ်အတွင်းမှာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေအပြင် သက်ဆိုင်သူတွေနဲ့ တွေ့ဆုံဖို့ ရှိကြောင်းသတင်းတွေ ထွက်နေပါတယ်။

အန်စီအေ အပစ်ရပ်လက်နက်ကိုင် ၇ ဖွဲ့ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က “ဘယ်သူတွေနဲ့ တွေ့မလဲဆိုတာကတော့ ကျနော်တို့လည်း အတိအကျတော့ မသိဘူး။ သေချာတာ တခုက PPST တော့ မဟုတ်တော့ဘူးပေါ့နော်။ 7 EAO Alliance အနေနဲ့ တွေ့ဖို့ပြုဖို့ ကမ်းလှမ်းလာတာတို့ ချိတ်ဆက်လာတာတို့ဘာတို့ကတော့ ကျနော်ကတော့ မကြားမိသေးဘူး ခင်ဗျ”လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက်က မလေးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် အော့သ်မန် ဟာရှင်ကို အသစ်ခန့်အပ်ခဲ့တာပါ။ အဲဒီနေ့မှာပဲ နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲကို ဦးစားပေးမလုပ်ဘဲ အပစ်ရပ်ပြီး ဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းခဲ့ကြပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက “စစ်ခေါင်းဆောင်အနေနဲ့ကတော့ သူ တောက်လျှောက် သက်တမ်းတိုးပြီးကတည်းက ပြောနေတဲ့ကိစ္စကတော့ ဒီရွေးကောက်ပွဲဆိုတဲ့ ဟာကိုပဲ လုပ်နေတယ်။ အဲဒီမှာ ဦးတည်ချက်ချင်း မတူတဲ့သဘောထားဖြစ်နေတော့ အဲကိစ္စကို လည်း သူတို့ ညှိနှိုင်းဖို့ ကြိုးစားမယ်ထင်တယ်။ အထူးသဖြင့် စစ်ကောင်စီကို တွေ့ဆုံဆွေးနွေးရေးကို လုပ်ဖို့အတွက် အာဆီယံအနေနဲ့ တိုက်တွန်းပြောဆိုမယ်လို့ ယူဆလို့ရတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီခရီးစဉ်ကြောင့် တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ် ရောက်မလားဆိုတာ မသေချာသလို တွေ့လိုက်တဲ့အတွက် အားလုံး ချက်ချင်းပြေလည်သွားမှာမျိုးလည်း မဟုတ်ကြောင်း ဆိုပါတယ်။

တဖက်မှာလည်း အပစ်အခတ်ရပ်ပြီး ဆွေးနွေးဖို့ကို တရုတ်နိုင်ငံနဲ့ ထိုင်းဘက်က ပြောနေသလို ပြည်တွင်းမှာလည်း ငွေဆောင်စာတမ်းလို ကြေညာချက်တွေ ထွက်လာတာကြောင့် ဘယ်လို ပြောင်းလဲမှုတွေ ရှိလာမလဲဆိုတာကို နိုင်ငံရေးလေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။

ISP MYANMAR ဒါရိုက်တာ ဦးအောင်သူငြိမ်းက “တွန်းနိုင်တဲ့အနေအထားက တရုတ်လို ဟာမျိုးတော့ ရှိတာပေါ့နော်။ တရုတ်က မြောက်ပိုင်းအဖွဲ့တွေနဲ့အတူ ကူမင်းမှာ ဆွေးနွေးပွဲတွေမှာ တွန်းတာတော့ရှိတယ်ပေါ့။ ဒါပေမဲ့ ကျန်တဲ့အာဆီယံ အနေအထားက အဲလောက်ကြီး တွန်းနိုင်တဲ့အနေအထား ကျနော် မမြင်ရဘူးဗျ”လို့ ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြန်မာအရေးကို သေချာသိတယ်လို့ ယူဆတဲ့အပြင် ထိုင်းဝန်ကြီးချုပ် သက်ဆင်ကို အကြံပေးအဖြစ် တိုင်ပင်တာ၊ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့တွေနဲ့ အလွတ်သဘောတွေ့တဲ့ သတင်းတွေ ကြားနေရပါတယ်။

ဒါပေမဲ့ ဒီခရီးစဉ်ဟာ သတင်းအချက်အလက်စုတာနဲ့ အသံနားထောင်တာပဲရှိဦးမှာဖြစ်ပြီး အာဆီယံအနေနဲ့ သဘောတူညီချက် ၅ ချက်ပေါ်မှာပဲ ဆက်ပြီးအလုပ်လုပ်ရဦးမယ်လို့ သုံးသပ်နေကြပါတယ်။

မစ္စတာ အော့သ်မန် ဟာရှင်ဟာ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံက ခန့်အပ်တဲ့ ၅ ယောက်မြောက် အထူးကိုယ်စားလှယ် ဖြစ်ပါတယ်။

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013