တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးကို အတင်းဝင်ရောက်စွက်ဖက်တဲ့ ပုံစံမျိုးလုပ်လာပြီး ရွေးချယ်ဖို့ အတွက် အမှန်မမြင်သေးဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားလိုက်ပါတယ်။
NUG အစိုးရနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ မြန်မာ့အရေးအပေါ် ထိတွေ့ဆက်ဆံမှု၊ ချဉ်းကပ်မှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၉ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က “ကျမအမြင်ကတော့ တရုတ်အစိုးရ ပေကျင်းကိုယ်တိုင် မြန်မာ့အရေးကို ကိုင်တွယ်တဲ့နေရာမှာ တသမတ်တည်း မဖြစ်ဘူးပေါ့နော်။ တဘက်မှာလည်းပဲ NUG နဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို တရုတ်အနေနဲ့ ရွေးချယ်စရာအနေနဲ့ အခုချိန်ထိ မမြင်သေးဘူးဆိုတာကိုလည်း ထင်ရှားတယ်။ ဒါကြောင့် ဒီဟာကိုတော့ တရုတ်အစိုးရအနေနဲ့ ပိုပြီးတော့ အမှန်မြင်လာအောင် ဆောင်ရွက်ရမှာတော့ နည်းလမ်း အနည်းဆုံး ၂ ခု ရှိတယ်ပေါ့နော်။ ကျမတို့တွေသည် တရုတ်ရဲ့ အကျိုးစီးပွားကို ရေရှည် ကာကွယ်နိုင်မယ့် နိုင်ငံရေးစနစ်မျိုး၊ ပြည်ထောင်စုမျိုး ထူထောင်နေတာ ဖြစ်တယ်။ တည်ငြိမ်မှုကို ဖော်ဆောင်နေတာ ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးသတင်းစကားအပြင် လက်တွေ့ကျတဲ့ မြေပြင်မှာ တည်ငြိမ်မှုကို ကျမတို့ ဘယ်လို ဖော်ဆောင်နိုင်မလဲပေါ့နော်၊ ဒါကိုလည်း လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှသာလျှင် ကျမတို့ အခု တရုတ်ရဲ့ သွားနေတဲ့ ချဉ်းကပ်ပုံတွေ၊ မြန်မာ့အရေးအပေါ်မှာ အမြင်တွေကို ထိုက်သင့်သလောက် ပြောင်းလဲနိုင်မှာလို့တော့ ကျမမြင်မိပါတယ်’’လို့ပြောပါတယ်။
NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးလုပ်ရမယ့် လုပ်ငန်းအနေနဲ့ ဒေသတွင်းနိုင်ငံတွေ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုပြီးတော့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်သွားဖို့ ရှိတယ်လို့ အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ရင် မြန်မာပြည်သူလူထုရဲ့ မျက်နှာထက် နေပြည်တော်ရဲ့ မျက်နှာကို ကြည့်နေသလိုဖြစ်နေပြီး လက်ရှိဖြစ်ပွားနေတဲ့ ဒေသတွင်း တည်ငြိမ်မှုကို ခြိမ်းခြောက်နေတဲ့ ကိစ္စတွေအတွက် စစ်ကောင်စီက အဖြေမဟုတ်ဘူးလို့ အိမ်နီးချင်းနိုင်ငံတွေကို ပြောဆိုခဲ့ပါသေးတယ်။
ဒေါ်ဇင်မာအောင်က “အခုဆိုရင် သိသိသာသာကိုပဲ ပြောရရင်တော့ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာ သိသိသာသာဖြစ်လာတဲ့ ကျားဖြန့်လိုမျိုး နယ်စပ်ဖြတ်ကျော် မှုခင်းတွေ ဒီရာဇဝတ်မှုတွေက ဒီနယ်စပ်နဲ့ ဒီစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြီးထွားလာကြတယ်။ အခု ပြောရမယ်ဆိုရင် ပြည်တွင်းရေးကိစ္စ သပ်သပ်ကြီး မဟုတ်တော့ဘဲနဲ့ ဒေသတွင်း ကိစ္စ၊ ဒေသတွင်း တည်ငြိမ်မှုကိုပါ ခြိမ်းခြောက်လာတဲ့ အနေအထားမျိုးတွေ ဖြစ်လာပါတယ်။ အဲဒီတော့ ဒီအခြေအနေ မျိုးမှာတော့ ကျမ မြင်တာက ကျမတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံတွေ အနေနဲ့ ဒီစစ်ကောင်စီက အဖြေမဟုတ်ဘူးဆိုတာကို ဒီထက်ပိုပြီးတော့ သဘောပေါက်ဖို့ လိုတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျမတို့နဲ့ အရင်ကထက် ပိုပြီးတော့ လမ်းကြောင်းတွေ ဖွင့်ပြီးတော့ ဆက်သွယ် ဆောင်ရွက်လာတာမျိုးတွေတော့ ရှိလာပါတယ်။ ဒါပေမဲ့ တဖက်မှာလည်းပဲ နေပြည်တော်ကိုလည်း လက်မလွှတ်သေးတဲ့ အနေအထားမျိုးပဲ ရှိပါသေးတယ်”လို့ ပြောပါတယ်။
NUG နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနဲ့တော့ သက်ဆိုင်ရာ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အမြဲတမ်း အဆင်သင့်ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။
တဖက်မှာလည်း တနှစ် တခါ ပြောင်းလဲနေတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့လည်း အမြဲတမ်းပူးပေါင်းဆောင်ရွက်ခဲ့တာတွေလည်း ရှိသလို ဒီလို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မေတ္တာရပ်ခံချက်အရ သတင်းထုတ်ပြန်တာမျိုး မလုပ်ခဲ့တာလို့လည်း သိရပါတယ်။
မြတ်သဇင်