အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေမှာ ဝင်ရောက်စွက်ဖက် ကူညီပံ့ပိုးပေးနေတဲ့ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်ကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ ဇန်နဝါရီ ၂၉ ရက် မနက်ပိုင်းက ရန်ကုန်မြို့မှာ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ပြုလုပ်နေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ပူးပေါင်းပြီး အကြမ်းဖက်မှုတွေကို ထောက်ခံကူညီနေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ကိုယ်စားပြု သရော်ထားတဲ့ ဝက်ဝံရုပ်နဲ့ သရုပ်ဖော် ပြသခဲ့တယ်လို့ ဆိုပါတယ်။
ရန်ကုန်တော်လှန်ရေးအင်းအားစု ညီနောင် ၄ ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ သရဝဏ်က “အာဏာသိမ်းစစ်တပ်ရဲ့ ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ် ဖိနှိပ်ချယ်လှယ်နေတာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေရှိရာ ကျေးလက်ဒေသက စစ်ဘေးရှောင်စခန်းတွေကို ရည်ရွယ်ချက်ရှိရှိ လေယာဥ်တွေ အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေ စတဲ့ လုပ်ရပ်တွေအပေါ် မျက်ကွယ်ပြုပြီး စစ်တပ်ဘက်က ရပ်တည်နေတဲ့ လုပ်ရပ်တွေအပေါ် ရှုတ်ချတဲ့ လူထုလှုပ်ရှားမှု” လို့ ပြောပါတယ်။
ဒါ့အပြင် တရုတ်အစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံကောင်းပီသစွာ တရားသောနည်းလမ်းနဲ့ မြန်မာပြည်သူလူထု တရပ်လုံးဘက်က ရပ်တည်ပေးဖို့ တောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာ့နိုင်ငံရေးအခြေအနေတွေအပေါ် တရုတ်အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ရှုတ်ချတဲ့ ကမ်ပိန်းကို ရန်ကုန်တော်လှန်ညီနောင်မဟာမိတ် ၄ ဖွဲ့နဲ့ စမ်းချောင်း ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။