တရုတ်ရဲ့နှောင့်ယှက်မှုတွေကြောင့် တောင်တရုတ်ပင်လယ်သိပ္ပံလေ့လာမှုကို ဖိလစ်ပိုင်က ရပ်ဆိုင်းလိုက်ပြီလို့ ဇန်နဝါရီ ၂၅ ရက်နေ့က ပြောပါတယ်။
ငါးဖမ်းလှေ၊ သင်္ဘောတွေဟာ တရုတ်ကမ်းခြေစောင့်နဲ့ ရေတပ်တွေရဲ့ နှောင့်ယှက်မှုတွေနဲ့ ကြုံတွေ့နေရပြီးနောက် လေ့လာမှုတွေ ရပ်ဆိုင်းခဲ့တာပါ။
တရုတ်ကမ်းခြေစောင့် သင်္ဘော ၃ စင်းရဲ့ ရန်လိုတဲ့ အပြုအမူတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်တယ်လို့ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ကြေညာချက်မှာ ဖိလစ်ပိုင်ငါးဖမ်း သင်္ဘော ၂ စင်းဟာ ဖိလစ်ပိုင်နိုင်ငံပိုင် သစ်တူကျွန်း အနီးရှိ ဆန်ဒီကေမှာ သဲနမူနာယူနေတဲ့အချိန် တရုတ်သင်္ဘောတွေနဲ့ တွေ့ခဲ့တာ ဖြစ်ပါတယ်။
ရုပ်သံမှတ်တမ်းတွေအရ တရုတ်ရေတပ်ပိုင် ဟယ်လီကော်ပတာ ၁ စီးဟာ ဖိလစ်ပိုင် ငါးဖမ်းရေယာဉ်တွေပေါ်ကနေ ပျံဝဲနေတာဖြစ်ပြီး လုံခြုံရေးအရ စိတ်မချရဘူးဆိုတာ တွေ့ရပါတယ်။ ဒီမှတ်တမ်းမှာ တရုတ်ကမ်းခြေစောင့် ရေယာဉ် ၁ စင်းကလည်း ဖိလစ်ပိုင်ရေယာဉ်နားကနေ ဖြတ်သွားခဲ့တာလည်း တွေ့ရပါတယ်။
တောင်တရုတ်ပင်လယ် ရေပိုင်နက်နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေး အစောပိုင်းကတည်းက တင်းမာနေတာ ဖြစ်ပါတယ်။
ဒီ မဟာဗျူဟာမြောက် ရေလမ်းကြောင်းမှာ နှစ်စဉ် ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၃ ထရီလျံရှိပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဗီယက်နမ်တို့ကလည်း ဒီရေလမ်းကြောင်းတွေကို ပိုင်ဆိုင်ကြောင်း ကြေညာထားပါတယ်။
Source: Reuters