သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ အဖြစ် ကိုယ့်ဘာသာ ဘွဲ့ထူး ဝိသေသချီးမြှင့်ထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံသို့ လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့တဲ့အထဲ တရုတ်အစိုးရ မပါဝင်ခြင်းက နေပြည်တော်စစ်ဗိုလ်ချုပ်တွေရဲ့ကြား ကြိတ်မနိုင်ခဲမရနဲ့ တောက်ခတ်သံပြင်းကြမှာ သေချာတယ်။
တရုတ်က စစ်ကောင်စီ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံ၊ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ကြိုဆိုခဲ့ပေမဲ့ မင်းအောင်လှိုင် ဂုဏ်ခံရမယ့် လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့ဖို့ကျတော့ အရင်နှစ်တွေလိုပဲ ဆက်လက်မသိချင်ယောင်ဆောင်။
လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ရုရှား၊ ကမ္ဘောဒီးယား၊ နီပေါ၊ ဘယ်လာရုစ်၊ ပါကစ္စတန် နဲ့ အယ်ဂျီးရီးယားရဲ့ နိုင်ငံအကြီးအကဲအဆင့်တွေက မင်းအောင်လှိုင်ထံ ပေးပို့ကြတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရရဲ့ နိုင်ငံခြားရေးအကြံပေးပုဂ္ဂိုလ်တို့က မင်းအောင်လှိုင်ခန့် နိုင်ငံခြားရေးဝန်ကြီးသန်းဆွေထံ သဝဏ်လွှာပို့ကြတယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ လာအိုနဲ့ ထိုင်း သဝဏ်လွှာမပို့။ အာဆီယံနိုင်ငံတွေထဲ ကမ္ဘောဒီးယားတနိုင်ငံတည်းသာ သဝဏ်လွှာပေးပို့ခဲ့တာကြောင့် စစ်ကောင်စီ ဘဝပေးက ၄ နှစ်သာ ကြာသွားတယ်၊ သံတမန်ရေးတိုးတက်မှုက ဘာမှဖြစ်မလာ သုည။
လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ကြတယ်ဆိုတာက စစ်ကောင်စီရဲ့ အာဏာသိမ်းမှုကိုလည်း ထောက်ခံ၊ မင်းအောင်လှိုင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြတဲ့သဘော။ သဝဏ်လွှာပေးပို့တဲ့ နိုင်ငံတွေထဲမှာ ရုရှားတနိုင်ငံတည်းသာ နိုင်ငံကြီးတနိုင်ငံဖြစ်ပြီး အဲဒီနိုင်ငံကြီးကလည်း သူ့ကျူးကျော်စစ်နဲ့သူ ချာလပတ်ရမ်းနေတာကြောင့် မြန်မာ့အရေးနဲ့က ခပ်ဝေးဝေး။ ကျန်နိုင်ငံတွေရဲ့ ထောက်ခံခြင်းက စစ်ကောင်စီလက်အောက်ခံ မီဒီယာတွေထဲ ထည့်သွင်းဖော်ပြ ဂုဏ်ဆာပြရုံထက် သက်ရောက်မှု ကြီးကြီးမားမားမရှိ။
စစ်ကောင်စီကို ဘယ်တုန်းကမှ အသိအမှတ်မပြုတဲ့ အနောက်နိုင်ငံတွေကို ဖယ်ထားလိုက်ရင် အဓိကကျတာက အာဆီယံနဲ့ တရုတ်။ အာဆီယံက အလုပ်မဖြစ်မှန်းသိနေတဲ့ မြန်မာ့အရေး အာဆီယံမူ ၅ ရပ်ကို ကျစ်ကျစ်ပါဆုပ်ကာ ငုတ်တုတ်မေ့နေတာကြာပြီဖြစ်ပေမဲ့ စစ်ကောင်စီကို ထောက်ခံခြင်းမရှိ၊ စစ်ကောင်စီ ရွေးကောက်ပွဲကိုလည်း စကားထဲထည့်မပြောခြင်းက စစ်ကောင်စီအတွက် အထိနာရတဲ့ သံတမန်ရေး ထိုးနှက်ခံရမှု။
ဒီဇင်ဘာ ၂၀ ရက်၊ ထိုင်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတချို့ ပါဝင်တဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာလည်း စစ်ကောင်စီရွေးကောက်ပွဲအကြောင်း ထည့်သွင်းပြောကြားတာမျိုး မတွေ့ရဘဲ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီ လိုက်နာရမယ်လို့သာ ထပ်လောင်းပြောကြားခဲ့ကြတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်၊ နေပြည်တော်ခရီးစဉ်မှာ စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို ထောက်ခံကြောင်း အတိအလင်း ပြောကြားခဲ့ပေမဲ့ ဒီဇင်ဘာ ၁၉ ရက်၊ ထိုင်းမှာကျင်းပတဲ့ မြန်မာ့အိမ်နီးချင်း ၆ နိုင်ငံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာတော့ တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Sun Weidong က မြန်မာသက်ဆိုင်သူအားလုံး တွေ့ဆုံဆွေးနွေး ညှိနှိုင်းအဖြေရှာရေးကို တရုတ်က အားပေးတယ်လို့ ပြောကြားခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့တယ်။
အခုလည်း စစ်ကောင်စီထံ လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ မပို့ခြင်းက ရွေးကောက်ပွဲအပြီး အစိုးရတရပ် ပုံပေါ်လာပြီးမှ အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံမယ်လို့ တရုတ်ဘက်က အကြောင်းပြနိုင်ပေမဲ့ တရုတ်နည်း တရုတ်ဟန်အတိုင်း မြန်မာ့အရေး အတိုးအဆုတ် အလျှော့အတင်း လုပ်လာပြန်တာလားလို့ အတွေးပွားနိုင်တယ်။
လတ်တလောမျက်မြင်တွေအရ တရုတ်က တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တွေအပေါ် တရားလက်လွတ် ခြိမ်းခြောက်ခြင်းနဲ့ စီးပွားရေးပိတ်ဆို့ခြင်းတို့ဟာ တရုတ်မျှော်လင့်ထားသလို အလုပ်မဖြစ်သေးတာက သိပ်သေချာနေတယ်။
တရုတ်က နယ်စပ်ဂိတ်တွေ ပိတ်တယ်။ ဖြတ်ငါးဖြတ်နဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့တင်မက ဒေသခံပြည်သူတွေကိုပါ စီးပွားရေးပိတ်ဆို့ပစ်ခဲ့တယ်။ ဒါ့အပြင် ဆွေးနွေးဖို့ ဖိတ်ခေါ်လို့ တရုတ်သွားတဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင် အကျယ်ချုပ် ဖမ်းဆီးခံထားရကြောင်း သတင်းထွက်ပေါ်ခဲ့တယ်။ MNDAA အတွက် တကယ့်ကို အကျပ်ရိုက်ရတဲ့ အခြေအနေ။
ပြီးတော့ MNDAA နဲ့ စစ်ကောင်စီကို တရုတ်က မျက်နှာချင်းဆိုင်ပေးလိုက်တယ်။ လားရှိုးမြို့ကို ပြန်ပေးဖို့နဲ့ ရှမ်းမြောက်ဒေသ တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်နိုင်ရေး။ စစ်ကောင်စီက တရုတ်အားကိုးနဲ့ အပေါ်စီးကနေ တောင်းဆိုခဲ့ပုံရပေမဲ့ ဒီဇင်ဘာ ၁၅ ရက် ဆွေးနွေးပွဲမှာ ဘာသဘောတူညီချက်မှမရ။ အခုနှစ် ဇန်နဝါရီ ၁၆ ရက်မှာ MNDAA နဲ့ စစ်ကောင်စီ ကူမင်းမှာ ထပ်တွေ့ခဲ့ကြပါတယ်။
ဒါပေမဲ့ အများပြည်သူ စိတ်ကြည်လင်စွာနဲ့ မင်္ဂလာယူကြတဲ့ ၂၀၂၅ ခုနှစ်ရဲ့ ဇန်နဝါရီ ၁ ရက်မှာပဲ MNDAA အုပ်ချုပ်နေတဲ့ သိန္နီမြို့ပေါ် ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်ထဲကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲချလိုက်ခြင်းဟာ MNDAA နဲ့ စစ်ကောင်စီကြား အဆင်မပြေမှုကို ဖော်ပြနေပါတယ်။
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရအမျိုးသမီး မောင်နင်းကတော့ မြန်မာစစ်တပ်နဲ့ ကိုးကန့် (MNDAA) တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာမှာ ဇန်နဝါရီ ၁၈ ရက် ကစတင်တဲ့ အပစ်အခတ်ရပ်စဲရေး တရားဝင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပြီလို့ ထုတ်ဖော်ပြောထားပါတယ်။
ဒါပေမဲ့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ရော MNDAA ဘက်ကပါ ထုတ်ဖော်ပြောဆိုတာ မရှိသလို MNDAA ကလည်း လားရှိုးကနေ ပြန်ဆုတ်ပေးမယ့် အရိပ်လက္ခဏာ ခုချိန်ထိတော့ မတွေ့ရသေးပါဘူး။
ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်က ကချင်လွတ်လပ်ရေးလပ်မတော် (KIA) နဲ့ တရုတ် ကူမင်းမှာ ဆွေးနွေးခဲ့ကြပြီး နယ်စပ်ဂိတ်တွေကို တရုတ်က ပြန်ဖွင့်ပေးလိုက်ပေမဲ့ KIA ရဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲ အရှိန်အဟုန်နဲ့ ဆက်လက်ဆင်နွှဲနေတာ၊ မံစီမြို့ကို ဇန်နဝါရီ ၈ ရက်မှာ သိမ်းပိုက်လိုက်နိုင်တာ၊ အာရက္ခတပ်တော် (AA) က ရခိုင်ဒေသအပြင်ဘက်အထိ ထိုးစစ်ဆင် ချွန်းဖွင့်နေတာတွေ ရှိပါတယ်။
MNDAA ဟာ လားရှိုးမြို့ကို ပိုင်ပိုင်နိုင်နိုင် သိမ်းပိုက်ပြီးတဲ့အချိန်ကစလို့ မြို့ပြန်လည်ထူထောင်ရေးနဲ့ မြို့ပြအုပ်ချုပ်ရေးကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေရဲ့အောက်မှာ အားထည့်ဆောင်ရွက်နေသလို အခုဆိုရင် လားရှိုးမြို့မှာ ယာဉ်မောင်းနှင်ခွင့်ယာယီကတ် လုပ်ပေးနေတာနဲ့ MNDAA ရဲ့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်စာမျက်နှာက ၂၀၂၄၊ နိုဝင်ဘာ ၂၇ ရက်ကစလို့ “အထူးဒေသ(၁)လားရှိုးမြို့” ဆိုတဲ့အသုံးကို ဒီနေ့ထိတိုင် တောက်လျှောက်သုံးနှုန်းနေတာ တွေ့ရတယ်။ ဒါဟာ လားရှိုးမြို့ကို ပြန်မပေးနိုင်ဘူးဆိုတဲ့ MNDAA ရဲ့ သန္နိဋ္ဌာန်ကို ဖော်ပြနေတာလားလို့ နောက်တလှမ်း ထပ်တွေးစရာပါ။
ဒီဇင်ဘာ ၃၀ ရက်၊ ဘီဘီစီမှာဖော်ပြတဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ စစ်ကောင်စီနဲ့ စကားပြောဖို့ရှိပေမဲ့ တိုက်ပွဲတွေရပ်ဖို့ နှစ်ဖက်နည်းလမ်းရှာကြမယ့်ကိစ္စသာ လောလောဆယ် အဓိကဆွေးနွေးမယ်လို့ ဆိုတယ်။ ပြောရရင် TNLA က ရှမ်းမြောက်ဒေသ ယာယီအပစ်အခတ်ရပ်စဲမှု ဟိုင်ဂင်သဘောတူညီချက်လောက်ဆို တော်ပြီဆိုတဲ့သဘော။
ဇန်နဝါရီ ၁၀ ရက်၊ PSLF/TNLA နှစ်ပတ်လည်အစည်းအဝေး ထုတ်ပြန်ချက်မှာတော့ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နွေဦးတော်လှန်ရေးအင်အားစုတို့ ပေါင်းစုကာ တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်၊ သိမ်းပိုက်ထားတဲ့ မြို့ ၁၂ မြို့နဲ့ TNLA အခြေစိုက်နယ်မြေတွေမှာ ပြည်သူ့အစိုးရတရပ် အမြန်ဆုံးပေါ်ပေါက်အောင် ကြိုးပမ်းသွားမယ်လို့ အပြတ်ဖြတ်ပြခဲ့တယ်။ ဒါကို ရှင်းအောင်ထပ်ပြောရရင် ဘုံရန်သူ စစ်ကောင်စီကို အပြီးအပြတ် ချေမှုန်းပစ်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်။ ဒါကို နောက်တမျိုးထပ်ပြောရရင် တိုက်ပွဲတွေရပ်ဖို့နဲ့ စစ်ကောင်စီနဲ့ အဆင်ပြေစေရေး တရုတ်ဘက်က ပြင်းထန်တဲ့ဖိအားတွေ ဘယ်လိုပဲ ပေးနေပါစေ၊ စစ်ကောင်စီနဲ့ စားပွဲဝိုင်းပေါ်မှာ မတွေ့တော့ဘဲ စစ်မြေပြင်မှာသာ သေနတ်ချင်းတွေ့ကြတော့မှာဖြစ်ကြောင်း သဘောထားထုတ်ပြန်ချက်။
ဇန်နဝါရီ ၁၂ ရက်၊ ၆၂ နှစ်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို TNLA ရဲ့ ညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAA နဲ့ AA ပေးပို့မှုသဝဏ်လွှာမှာ TNLA ရဲ့ ဇန်နဝါရီ ၁၀ ရက် ထုတ်ပြန်မှု ရည်မှန်းချက် အမြန်ဆုံး ပေါ်ထွန်းလာစေရေး ဆုမွန်ကောင်း တောင်းပေးလိုက်ကြပြီး ညီနောင်မဟာမိတ်စိတ်ဓာတ် အပြည့်နဲ့ အခက်အခဲ၊ အတားအဆီးတွေကို ဝိုင်းဝန်းအတူဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ဖော်ပြထားတာ တွေ့ရတယ်။ ပြောရရင် TNLA ရဲ့ ဘုံရန်သူချေမှုန်းရေး ရည်မှန်းချက်ကို ဝိုင်းဝန်းအတူဖြေရှင်းဖို့ MNDAA နဲ့ AA လည်း အသင့်ရှိပါကြောင်း။
ဆိုတော့ MNDAA နဲ့ TNLA အပေါ် တရုတ်ပေးနေတဲ့ ပြင်းထန်တဲ့ဖိအားတွေက ရှမ်းမြောက်ဒေသ ယာယီအပစ်ရပ် ဟိုင်ဂင်သဘောတူညီချက်ဆီ ပြန်သွားဖို့တောင် မလွယ်တော့တဲ့ အနေအထားမို့ မြန်မာ့အရေး တရုတ် ဘယ်လိုရှေ့ဆက်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်လာရတယ်။
လတ်တလော မျက်မြင်တွေအရ တရုတ်ဟာ MNDAA နဲ့ TNLA ကိုလည်း မနိုင်၊ စစ်ကောင်စီကိုလည်း နိုင်တဲ့ပုံမပေါ်။ KIA နဲ့ AA ကလည်း တရုတ်သဘောထားကို ငြင်းဆိုကာ နိုင်ပွဲအလီလီ အောင်စိတ်ကြီးစွာနဲ့ ရှေ့သို့ ချီမြဲ။
၂၀၂၄ ကို ချုပ်လိုက်ရင် စစ်တိုင်းနှစ်တိုင်းလည်း ရှုံး၊ မြို့ပေါင်းအလီလီလည်းပြုန်း၊ တိုက်တိုင်းလည်း ရှုံးနေတာကြောင့် စစ်တပ်ဟာ အရှုံးပေါ် အရှုံးထပ်ကာ အရိုးပြိုင်းပြိုင်း။ အခု ၂၀၂၅ မှာလည်း စစ်ကောင်စီတပ် အရှုံးတွေရပ်ပြီး နာလန်ပြန်ထဖို့တောင် မလွယ်တာကြောင့် စစ်ကောင်စီဘက် စုံရပ်နေတဲ့ တရုတ် ဟိုလိုလိုဒီလိုလိုနဲ့ ခြံစည်းရိုးပေါ် ပြန်ခွထိုင်မလားလို့ ကြိုတွေးကြည့်ထားရင်လည်း မမှားနိုင်ကြောင်းပါ ခင်ဗျား
လင်းဆက်ငြိမ်းချမ်း
Photo: Reuters