ဇန်နဝါရီ ၁၉ ရက်က အပစ်အခတ်ရပ်စဲရေး ကြေညာပြီး နာရီပိုင်းအကြာမှာပဲ ဟားမားစ် တိုက်ခိုက်ရေးသမားတွေ ဂါဇာလမ်းပေါ်ပြန်ရောက်လာပါတယ်။ အရေအတွက်တော့ အများကြီးမဟုတ်ပါဘူး။ ပေါ်လာတဲ့သူတွေမှာလည်း ကလက်ရှ်နီကော့ရိုင်ဖယ်တွေနဲ့ အခြေခံကာကွယ်ရေးဝတ်စုံတွေပဲ ပါပါတယ်။ ဒါပေမဲ့ သူတို့ပြန်ပေါ်လာခဲ့ပါတယ်။
ခန်ယူးနစ်မှာတော့ လက်နက်ကိုင်တွေပါတဲ့ ပစ်ကပ်ကား အနည်းငယ်က လူငယ်အုပ်စုတွေရဲ့ အားပေးသံကြားထဲ မောင်းနှင်သွားခဲ့ပါတယ်။ ဂါဇာစီးတီးမှာ အစ္စရေးဓားစာခံ ၃ ယောက်ကို လွှဲပြောင်းပေးတဲ့အချိန်မှာ ဟားမားစ်တံဆိပ်ပါ အစိမ်းရောင်ခေါင်းစည်းတွေ စည်းထားတဲ့ စစ်ဝတ်စုံနဲ့ တိုက်ခိုက်ရေးသမား ဒါဇင်နဲ့ချီပြီး တွေ့ရပါတယ်။ တခြားနေရာတွေမှာတော့ အစ္စရေးတိုက်ခိုက်မှုတွေကို ရှောင်ရှားဖို့ လပေါင်းများစွာ ပုန်းအောင်းနေခဲ့တဲ့ ဟားမားစ် ရဲတပ်ဖွဲ့ဝင်တွေဟာ အပြာရောင်ယူနီဖောင်းတွေနဲ့ လုံခြုံရေးပြန်ယူနေကြတဲ့ ပုံတွေလည်း ပေါ်ထွက်လာနေပါပြီ။
ဒါတွေဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု မမြင်ချင်ပေမဲ့ ဖြစ်လာမယ်ဆိုတာ သိထားတဲ့ မြင်ကွင်းတွေပါ။ ဒီဗီဒီယိုတွေဟာ ဟားမားစ်က အများဆုံး မြင်စေချင်တဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။ ဂါဇာမှာရော၊ အနောက်ဘက်ကမ်းမှာရော၊ ဒီဒေသတခုလုံးနဲ့ ကမ္ဘာတဝန်းမှာပါ ဒါတွေကို မြင်စေချင်တာပါ။ ဒီဗီဒီယိုတွေမှာ အင်အားကြီးမားတဲ့ အရည်အချင်းပြည့်တဲ့ တပ်ဖွဲ့တခုကို မပြနိုင်ပါဘူး။ လူမှုမီဒီယာတွေမှာကလည်း ထုံးစံအတိုင်း ပုံမှန်ထက် ချဲ့ကားဖော်ပြမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ရည်ရွယ်ထားသလိုပဲ ဒီဗီဒီယိုတွေက ဟားမားစ်ဟာ လွန်ခဲ့တဲ့ ၁၅လက အစ္စရေးရဲ့ ထိုးစစ်မှာ ရှင်ကျန်ရစ်ခဲ့တယ်ဆိုတာ ပြသနေပါတယ်။ အဲဒါကိုပဲ ဟားမားစ်ခေါင်းဆောင်တွေက အကြီးမားဆုံး အောင်ပွဲတခုအဖြစ် ယူဆနေကြပါတယ်။
တကယ်တမ်းမှာတော့ ဟားမားစ်က အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ တိုက်ခိုက်မှုတွေတုန်းက ဟားမားစ်ဟာ အစ္စရေးထဲကို ဒုံးကျည် ထောင်နဲ့ချီပြီး ပစ်လွှတ်နိုင်ခဲ့ပါတယ်။ အခုတော့ ကီလိုမီတာ အနည်းငယ်လောက်က ပစ်မှတ်တွေကိုပဲ တခါတလေ ပစ်ခတ်နိုင်တဲ့အနေအထားပဲ ရှိပါတော့တယ်။ ထောက်ပို့လမ်းကြောင်းတွေ ပြတ်တောက်သွားသလို၊ လက်နက်ခဲယမ်းသိုလှောင်ရုံတွေ ဗလာကျင်းကုန်ပြီ ဖြစ်ပါတယ်။၊ အခုဖောက်ခွဲမှုသစ် အများစုဟာ အစ္စရေးပစ်ခတ်ထားတဲ့ လက်နက်ခဲယမ်းတွေကနေ ရီဆိုင်ကယ်လ်ပြန်လုပ်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဖြစ်ပါတယ်။ ဂါဇာအောက်မှာ ဟားမားစ် တူးဖော်ထားတဲ့ ဥမင်လိုဏ်ခေါင်းကွန်ရက် အများစုလည်း ပျက်စီးသွားပါပြီ။
အောက်တိုဘာ ၇ အစ္စရေးမြေပေါ် ဝင်ရောက်တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့တဲ့ ဟားမတ်စ်မြေပြင်ခေါင်းဆောင် ယာယာဆင်ဝါ၊ ပြည်ပရောက် နိုင်ငံရေးခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ အပါအဝင် ထိပ်တန်းခေါင်းဆောင်တွေက ကုန်သလောက်ဖြစ်ကုန်ပါပြီ။ အတွေ့အကြုံရှိတဲ့ အလယ်အလတ်တန်းခေါင်းဆောင်တွေလည်း အများအပြား သေဆုံးသွားပါပြီ။ ဟားမားစ် တိုက်ခိုက်ရေးသမား ၁၇,၀၀၀ အထိ ရှင်းပစ်နိုင်တယ်ဆိုတဲ့ အစ္စရေးရဲ့ ပြောကြားချက်ကတော့ အတည်ပြုဖို့ ခက်နေပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့က စစ်သွေးကြွတွေကို ရှင်းလင်းခဲ့မှုနဲ့ပတ်သက်တဲ့ အသေးစိတ် အချိန်၊ နေရာ၊ လုပ်ဆောင်ချက်တွေပါတဲ့ အစီရင်ခံစာတစောင်အရတော့ အသေအပျောက် ၈,၅၀၀ လောက်ပဲ ရှိပါတယ်။ ဒီထဲမှာ တခြားလက်နက်ကိုင်အဖွဲ့တွေက တိုက်ခိုက်ရေးသမားတွေနဲ့ တိုက်ခိုက်ရေးသမားမဟုတ်တဲ့ ဟားမားစ်အဖွဲ့ဝင်တွေလည်း ပါဝင်နိုင်ပါတယ်။
ဒီလို ထိခိုက်ပျက်စီးမှုတွေဟာ စစ်မဖြစ်ခင်က ဟားမားစ် စစ်ဘက်အင်အားရဲ့ လေးပုံတပုံလောက်ပဲ ရှိပါတယ်။ ဒါဟာ ဂါဇာ အလယ်ပိုင်းမှာ ဟားမားစ်တပ်ဖွဲ့ကြီးတွေ ထိခိုက်ပျက်စီးမှုမရှိသေးဘူးဆိုတဲ့ သတင်းတွေနဲ့ ကိုက်ညီနေပါတယ်။
ရာထူးက အနားယူသွားပြီဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ ပြီးခဲ့တဲ့အပတ်က မိန့်ခွန်းတခုမှာ ဟားမားစ်ဟာ ဆုံးရှုံးသွားတဲ့ အင်အားလောက်ရှိတဲ့ တိုက်ခိုက်ရေးသမားအသစ်တွေ စုဆောင်းထားတယ်လို့ ပြောသွားပါတယ်။ ဒါဟာ ရှည်ကြာတဲ့ တိုက်ပွဲတွေရဲ့ အကြောင်းရင်းတခုဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ဘာကြောင့် ယူဖို့လိုသလဲဆိုတဲ့ နောက်ထပ်အကြောင်းပြချက်တခုလည်း ဖြစ်တယ်လို့ ပြောပါတယ်။
အစ္စရေးအရာရှိတွေကတော့ စုဆောင်းရရှိတဲ့ အရေအတွက်က ဘလင်ကန် ပြောသလောက် မများဘူး။ အတွေ့အကြုံမရှိတဲ့ ဆယ်ကျော်သက်တွေဟာ လေ့ကျင့်ထားပြီး အတွေ့အကြုံရင့်တဲ့ စစ်သားဟောင်းတွေနေရာကို အစားထိုးလို့မရဘူးလို့ ပြောပါတယ်။
ဒါဟာ မှန်နိုင်ပါတယ်။ ဒါပေမဲ့ အင်အားတော်တော် လျော့ကျသွားပေမဲ့ အပစ်အခတ်ရပ်စဲမှု မစတင်ခင်အထိ အစ္စရေးတပ်တွေအပေါ် ထိခိုက်အောင် ဟားမားစ်က လုပ်နေနိုင်ဆဲဖြစ်ပါတယ်။ မကြာသေးခင်က မြောက်ပိုင်းဂါဇာက ဘိုက်ဟာနွန်းမြို့မှာ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးတပ်မှူးတွေက အဲဒီမှာရှိတဲ့ ဟားမားစ်တပ်တွေရဲ့ အရွယ်အစားနဲ့ စိတ်ဓာတ်ကို လျှော့တွက်ခဲ့သလို သူတို့ရဲ့ ဥမင်လိုဏ်ခေါင်းကွန်ရက် ပြန်လည် တည်ဆောက်မှုကိုလည်း လျှော့တွက်ခဲ့ပါတယ်။ ရလဒ်ကတော့ ဟားမားစ်က အစ္စရေးတပ်တွေကို သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။
နိုင်ငံရေးမျက်နှာစာမှာလည်း ဟားမားစ်က အားနည်းသွားပါပြီ။ နှစ်ပေါင်း ၁၆ နှစ်ကြာ အုပ်ချုပ်ခဲ့တဲ့ နယ်မြေအပေါ် ထိန်းချုပ်မှုဆုံးရှုံးသွားပြီး ဂုဏ်သိက္ခာ၊ အာဏာ၊ အဆောက်အဦတွေနဲ့ ဝင်ငွေတွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။ ဟားမားစ်အရာရှိတွေ အများအပြား သေဆုံးသွားပြီး ဟားမားစ်ရဲ့ အသင်းအဖွဲ့တွေ၊ ပရဟိတလုပ်ငန်းတွေနဲ့ ဘာသာရေးအသင်းအဖွဲ့တွေ ကွန်ရက်ကြီးဟာ တစစီဖြစ်သွားခဲ့ပါပြီ။ အခုအခါမှာတော့ တခြားဇာတ်ကောင်တွေကလည်း - မာဖီးယားမိသားစုကြီးတွေလိုပဲ ဩဇာလွှမ်းမိုးမှုနိုင်ရေး ပြိုင်ဆိုင်နေကြပါတယ်။ ဂါဇာမှာ လူ ၄၇,၀၀၀ ထက်မနည်း သေဆုံးခဲ့ရပြီး အကြီးအကျယ် ပျက်စီးစေခဲ့တဲ့ ဒီစစ်ပွဲအတွက် အစ္စရေးကိုရော ဟားမားစ်ကိုပါ အများက အပြစ်တင်နေကြပါတယ်။
ဒါပေမဲ့ လောလောဆယ်မှာတော့ ဂါဇာအုပ်ချုပ်ရေးအတွက် သဘောတူညီထားတဲ့ အစီအစဉ် မရှိသေးခင်မှ တခြား ဘယ်သူမှ ရွေးချယ်စရာ ရှိမနေပါဘူး။ အကူအညီပေးရေးအဖွဲ့တွေဟာ ၂၀၂၃ နွေရာသီတုန်းက ဆက်ဆံထိတွေ့ခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ပဲ ဆက်ဆံနေရပါတယ်။ ဟားမားစ် မီဒီယာရုံးတခုလည်း လုပ်ငန်းလည်ပတ်နေပြီး ဂါဇာကို စစ်မဖြစ်ခင်အခြေအနေရောက်အောင် ပြန်လည်ထူထောင်မယ့် ဟားမားစ်ရဲ့ “အစိုးရစီမံကိန်း” တခုကို ရည်ရွယ်ချက်ကြီးမားစွာနဲ့ ဖော်ပြနေပါတယ်။
ဘယ်ဘက်ကမှ တကယ်နိုင်တယ် မပြောနိုင်ဘူး ဆိုတာက ပကတိအရှိတရား ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပျက်စီးလွယ်တဲ့ တည်ငြိမ်မှု အခိုက်အတန့်လေးတခု၊ ၁၅ လကြာ စစ်ပွဲကြီးရဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကာလကို ရောက်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်ပါတယ်။ ဝမ်းနည်းစရာ ကောင်းတာကတော့ ဒါဟာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်တွေ ဘာ့ကြောင့် ပျက်ပြားသွားနိုင်သလဲဆိုတဲ့ အကြောင်းရင်းလည်း ဖြစ်နေပါတယ်။
စိုင်းခေတ်နွေ
Source: Reuters