ဒေါ်နယ်ထရမ့်ပ်က နယ်စပ်တွေကို ပိတ်ပစ်မယ်လို့ ကတိပေးပြီး အိမ်ဖြူတော်ကို ၂ ကြိမ်တိုင်တိုင် အနိုင်ရခဲ့ပါပြီ။ အခုတော့ ရှေ့တန်းစစ်မျက်နှာတခု ဖွင့်လှစ်ဖို့ ကဗျာဆန်ဆန် ပြောလာခဲ့ပါတယ်။ မနေ့က ဒုတိယအကြိမ် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ သူပြောတာက ကျနော်တို့ရဲ့ နှလုံးသားထဲမှာ “ဒီဝိညာဉ်” ကို ရေးထိုးထားပါတယ်တဲ့။ အခုလထဲမှာပဲ သူက ဒိန်းမတ်ဆီက ဂရင်းလန်ဒ်ကျွန်းကို ဝယ်ယူမယ်၊ ကနေဒါကို နယ်ပယ်ချဲ့မယ်၊ ပနားမားတူးမြောင်းကို ပြန်ယူမယ်၊ မက္ကဆီကို ပင်လယ်ကွေ့ဆိုတဲ့ အမည်ကို “အမေရိကပင်လယ်ကွေ့” အဖြစ် နာမည်ပြောင်းမယ် ဆိုတာတွေ ပြောခဲ့ပါတယ်။ “ဘယ်လောက် လှပလိုက်တဲ့ နာမည်ပါလဲ” မစ္စတာထရမ့်ပ်က ဆိုပါတယ်။ အသံထွက်ကိုတောင် သူက နောက်ဆုံးစကားလုံးအသံကို အလေးအနက်ပြုလို့ A-mer-i-CA လို့ ခေါ်ခဲ့ပါတယ်။ A-MER-i-ca ဆိုတဲ့ ရှေ့အသံကို ဖိပြောတဲ့ အသံထွက်မျိုး မဟုတ်ပါဘူး။
ဒီလို နယ်ပယ်ချဲ့ထွင်ရေး ဝါဒီတဦးဆိုတာ အများအမြင်မှာတော့ နယ်စပ်ခြံစည်းရိုးတွေ နောက်မှာ နိုင်ငံတခုကို အေးဆေးသက်သာ ကာရံထားချင်တဲ့ နိုင်ငံရေးသမားတဦးအတွက် အံ့အားသင့်ဖွယ်ရာ အချက်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မစ္စတာထရမ့်ပ်က ပါးနပ်ပါတယ်။ သူက ကြည့်ရတာ ကိုယ့်ပြည်တွင်းရေးလောက်ပဲ အာရုံထားကြည့်နေတဲ့ အမျိုးသားရေးဝါဒမျိုးကို ဒေါသထွက်နေပုံလည်း ရပါတယ်။ ပထမအကြိမ် သမ္မတဖြစ်စေခဲ့တဲ့ အချက်ဖြစ်ပေမဲ့လည်း ကိုယ့်ဘာသာ ပြန်ဖျက်ဆီးနေတာမျိုးနဲ့ တူပါလိမ့်မယ်။ ပထမအကြိမ် သမ္မတကာလမှာတုန်းက ဒီအချက်နဲ့ပဲ ပိတ်မိနေခဲ့ပါတယ်။ အခုတခါ တောင်းဆိုချက်က အမေရိကကို ကြီးမြတ်အောင် လုပ်ဖို့သာမဟုတ်၊ အရွယ်အစားအားဖြင့်လည်း ပိုကြီးလာအောင်လုပ်ဖို့ ရည်ရွယ်ပုံကို ဆိုလိုပါတယ်။ တဖက်မှာ အမျိုးသားရေးဝါဒကို ဆွပေးရင်း အမေရိကန်ပြည်ထောင်စုကို အစဉ်သဖြင့် ကြီးထွားနေအောင်၊ အမြဲတစေ ရှေ့သို့လှမ်းချီနေအောင် မြော်မြင်ချက်ပေးချင်ပုံ ဖြစ်ပါတယ်။
မစ္စတာထရမ့်ပ်ရဲ့ မကြာသေးမီက မှတ်ချက်ပေး ပြောဆိုချက်တွေက သူ့အခြေခံထုကို လှုပ်ရှားတက်ကြွစေပါတယ်။ အမေရိကကို ကြီးမြတ်အောင် လုပ်ကြစို့ (MAGA) ဆိုတဲ့ စိတ်ထက်သန်နေကြသူတွေက လူမှုမီဒီယာကိုသုံးပြီး ကနေဒါကို သိမ်းပိုက်ဖို့ တိုက်ပွဲအစီအစဉ်ကို ဖြန့်ဝေနေကြပါပြီ။ အမေရိကန်ပြည်ထောင်စုရဲ့ မြေပုံကိုလည်း အာတိတ်စက်ဝိုင်းကနေ ပနားမားအထိကို ချဲ့ပြီး ရေးဆွဲနေကြပါတယ်။ ဒါပေမဲ့ မစ္စတာထရမ့်ပ်က နိုင်ငံဗိသုကာတွေရဲ့ ပြောစကားတွေကို ပြန်ပြောင်း အမှတ်ရ ထည့်ပြောခဲ့ပါသေးတယ်။ ဒီဗိသုကာတွေက တချိန်တုန်းကလည်း အမေရိကားကို ဆက်လက်ရှင်သန် ကြီးထွားနေစေဖို့ တိုးချဲ့နေရမယ်လို့ မြင်ခဲ့ကြတဲ့သူတွေပါ။ “မိုးကုတ်စက်ဝိုင်းကို ချဲ့ကြစို့ရဲ့” ဆိုပြီး ဂျိမ်းစ် မက်ဒီဆန် (James Madison) က ၁၇၈၇ ခုနှစ်မှာ ပြောခဲ့ပါတယ်။ “နယ်မြေအတိုင်းအဆ” ကို တိုးချဲ့စေဖို့ပါ။ ဒီလိုဆောင်ရွက်ရင် နိုင်ငံရေးအစွန်းရောက်မှုတွေနဲ့ လူတန်းစားစစ်ပွဲတွေကိုလည်း ရှောင်ရှားနိုင်ပါလိမ့်မယ်။ “ကျနော်တို့ရဲ့ အဖွဲ့အစည်း ပိုမိုကြီးထွားလာတာနဲ့အမျှ” ဆိုပြီး သောမတ်ဂျက်ဖာဆင်က ၁၈၀၅ ခုနှစ်မှာ လူဝီစီယားနားပြည်နယ်ကို ဝယ်ယူတဲ့အချိန်မှာ ပြောခဲ့ပါတယ်။ “ဒေသခံတွေရဲ့ စိတ်အားထက်သန်မှုတွေရဲ့ လှုပ်ခါယမ်းမှုတွေ ပိုနည်းပါးပါလိမ့်မယ်” လို့ ဆိုခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့တိုက်ကြီးရဲ့ တဖက်ကမ်းကို အံ့ဩဖွယ် မကြုံစဘူး အမြန်နှုန်းနဲ့ ကူးခဲ့ပါတယ်။ သိမ်းပိုက်အောင်မြင်မှုအတွက် အခြေခံအယူအဆအဖြစ် ဒေသခံ အင်ဒီးယန်းလူမျိုးတွေနဲ့ မက္ကဆီကန်တို့ရဲ့ မြေတွေကို သိမ်းယူခဲ့ပါတယ်။ ပစိဖိတ်ကမ်းခြေကို ရောက်ခဲ့ပြီး ဟာဝိုအီ၊ ပွာတိုရီကိုနဲ့ အခြားကျွန်းတွေကိုပါ သိမ်းယူခဲ့ပါတယ်။
၂၀-ရာစုမှာ အမေရိကန်ပြည်ထောင်စု ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ အခြားကျန်ကမ္ဘာနဲ့အတူ ကျူးကျော်သိမ်းပိုက်ရေး အယူအဆကို ရှုတ်ချပြစ်တင်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက အကန့်အသတ်မရှိတဲ့ ချဲ့ထွင်မှုကို ဖြစ်နိုင်ခြေတခုအဖြစ် မြင်နေကြတုန်းပါပဲ။ ဒါပေမဲ့ ဒါကို ဖုံးကွယ် ပုံဖျောက်ထားကြပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ထုတ်ကုန်တွေကို ဈေးကွက်တင်ပို့ကြတဲ့အခါ စစ်ပွဲတွေ ဆင်နွှဲကြပြီး ကမ္ဘာကြီးရဲ့ မကောင်းဆိုးရွား မိစ္ဆာတွေကို ဖယ်ရှားပစ်ဖို့လို့ ဆိုကြပါတယ်။ သိပ္ပံနဲ့ နည်းပညာနယ်ပယ်မှာ ကြီးထွားလာနေတဲ့ လူလတ်တန်းစားတွေအတွက် အပေါ်တက်လမ်းဖြစ် နိုင်ဖို့လို့ ဆိုကြပါတယ်။ တခါက သမိုင်းပညာရှင် ဖရက်ဒရစ် ဂျက်ဆန် တားနား (Frederick Jackson Turner) က ၁၈၀၀ ခုနှစ်များမှာ အမေရိကန် အနောက်ဒေသကို တိုးချဲ့လာမှုကို “ထာဝရ ပြန်လည်မွေးဖွားခြင်း perennial rebirth” ကတိကဝတ်လို့ ဆိုခဲ့ပါသေးတယ်။
မစ္စတာထရမ့်ပ်က ဒီအချက်တွေကို လူမှုရေး၊ အသိဉာဏ်ဆိုင်ရာ သမိုင်းကြောင်းတွေအဖြစ် သူ့ရဲ့ အယူအဆတွေထဲ ထပ်ဖြည့်ခဲ့ပါတယ်။ “ကျနော်တို့ရဲ့ ရှင်းလင်းဖော်ပြထားတဲ့ ကံကြမ္မာအကြောင်းတရားကို ကြယ်တွေအထိ၊ နောက်ဆုံး မားစ်ဂြိုဟ် (အင်္ဂါဂြိုဟ်) အထိ ဆက်ကြိုးပမ်းကြပါစို့” ဆိုပြီး ကတိကဝတ် ပေးခဲ့ပါသေးတယ်။ သူ ဘာလို့ ဒီလိုပြောတာလဲဆိုတော့ သမားရိုးကျ အိုင်ဒီယာတွေက ခေတ်ကုန်နေပြီ၊ သူ့စတိုင်ကို မတူဘဲ ကောင်းမွန်တိကျစွာ ဖော်ပြချင်ပုံရပါတယ်။
သူ့ကို ရှုတ်ချပြောဆိုသူတွေကတော့ ဂရင်းလန်ဒ်ကျွန်းကို နယ်ပယ်ချဲ့ထွင်မယ်ဆိုတဲ့ အိုင်ဒီယာကို ရယ်ပွဲဖွဲ့ ရယ်စရာ လုပ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဖြစ်လာတာက ဒီလို နယ်ပယ်ချဲ့ထွင်ရေးဟာ အမေရိကန် နိုင်ငံရေးသမားတွေရဲ့ ကာလကြာရှည်ထဲက အိပ်မက်ပါ။ အနည်းဆုံး ၁၈၆၇ ခုနှစ်ကတည်းက ရှိနေခဲ့တာပါ။ အဲဒီအချိန်က နိုင်ငံခြားရေးဝန်ကြီး ဝီယီယံ ဆီးဝါဒ် (William Seward) က အလက်စကားဒေသကို ဝယ်ယူပြီးနောက် သိပ်မကြာခင်မှာ နောက်ကျွန်းတခုဖြစ်တဲ့ အိုက်စလန်ကို ဒိန်းမတ်ဆီက ဝယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဖရင်ကလင် ဒီ၊ ရုစဘဲ့ (Franklin D. Roosevelt) ကလည်း ဒီကျွန်းကို မျက်စိကျခဲ့ပါသေးတယ်။ သူသေဆုံးပြီးနောက် သမ္မတထရူးမင်း အုပ်ချုပ်ရေးကာလ ၁၉၄၆ ခုနှစ်မှာ ဂရင်းလန်ဒ်ကျွန်းကို ဝယ်ယူဖို့ ဒေါ်လာသန်း ၁၀၀ နဲ့ ကိုပေဟေဂင်အစိုးရဆီ ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒိန်းမတ်အစိုးရက ပယ်ချခဲ့ပါတယ်။ နောက်ပိုင်း ဂျာရဲ ဖို့ဒ် (Gerald Ford) ရဲ့ ဒု-သမ္မတ နယ်လ်ဆင် ရော့်ခ်ဖဲလား (Nelson Rockefeller) က ဂရင်းလန်ဒ်ကို သူ့ရဲ့ သယံဇာတတွေ ကြွယ်ဝတာကြောင့် ရယူဖို့ အဆိုပြုခဲ့ပါသေးတယ်။ ၁၉၇၅ ခုနှစ်မှာတော့ စီ အယ်လ် ဆူလ်ဘာဂါ (C.L. Sulzberger) က သူ့စာတွေမှာ အမျိုးသားအကျိုးစီးပွားကို ကိုးကား ဖော်ပြခဲ့ပါတယ်။ “ဂရင်းလန်ဒ်ကို မွန်ရိုး အယူဝါဒက လွှမ်းခြုံတယ်” “ယူဆသတ်မှတ်ထားရမယ်” လို့ ရေးခဲ့ပါတယ်။ ဆိုလိုတာက အမေရိကန်ပြည်ထောင်စုရဲ့ လုံခြုံရေးနယ်ပယ်ဝန်းကျင်အထဲမှာ ရှိနေတာပါ။
မစ္စတာထရမ့်ပ်ရဲ့ အိုင်ဒီယာမှာတော့ အလံတော်ပေါ်မှာ ကြယ်ပွင့်တွေ ပိုပေါင်းမိတာပါပဲ။ အမြဲတစေ အသံကျယ်ကျယ်လောင်လောင်နဲ့ ထရမ့်ပ်အလိုမရှိ ပြောဆိုနေသူ ကွန်ဆာဗေးတစ် ဝီလီယံ ခရစ္စတိုး (William Kristol) တောင် ဒီအိုင်ဒီယာတော့ သဘောတူညီနိုင်ပါတယ်။ သူက ကျူးဘားပင်လျှင် အမေရိကန်ရဲ့ ပြည်နယ်တခု ဖြစ်လာနိုင်တယ်လို့ ပြောဆိုနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ မစ္စတာထရမ့်ပ်က အိမ်ဖြူတော်က ထွက်ခွာပြီး မကြာခင်မှာပဲ သူက တွစ်တာမှာ ဒီလို ရေးခဲ့ပါသေးတယ်။ “နှစ် ၆၀ မှာ ပြည်နယ် ၅၀ ဆိုရင်တော့ တော်လောက်ပါပြီ” လို့ ဆိုခဲ့ပါတယ်။ အကယ်၍ အမေရိကန်ပြည်ထောင်စုက ထရမ့်ပ်ဝါဒကို ထားခဲ့မယ်ဆိုရင်တောင် ထပ်ပြီး ကြီးထွားနေဦးမှာ ဖြစ်ပါတယ်။ ဒီလိုစိတ်ဓာတ်မျိုးကတော့ နိုင်ငံ ဗိသုကာ မက်ဒီဆင်ကလည်း သဘောတူညီနိုင်ပါတယ်။ အခုတော့ မစ္စတာ ထရမ့်ပ် ကိုယ်၌က ထရမ့်ပ်ဝါဒ အောင်ပွဲအဖြစ် ပြန်ရောက်လာပြီး တကယ့်ကို ကြီးကြီးမားမား ရပ်တည်ပြနေတော့တာပါပဲ။ဒါပေမဲ့ သူက အတိတ်က နယ်ပယ်ချဲ့ထွင်ရေးသမားတွေနဲ့ အလွန်မတူခြားနားစွာ လုပ်ဆောင်နေတာပါ။ ပြီးခဲ့တဲ့ ကာလတွေမှာ ဘီလ် ကလင်တန်က ၁၉၉၃ ခုနှစ်မှာ “ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်ဟာ ကျနော်တို့ရဲ့ ရှေ့တန်းစစ်မျက်နှာသစ်ပါ” လို့ ဆိုခဲ့ပါတယ်။ ဒီနိုင်ငံက ဖြစ်နိုင်ခြေရှိတဲ့ကိစ္စတွေကို အကျဉ်းကျပ်ဆုံး ဆောင်ရွက်နေတာမျိုး သက်သေမြင်ခဲ့ကြရပါတယ်။ စစ်ပွဲတွေကြောင့် စိတ်ဒဏ်ရာတွေရခဲ့ပြီး လူလတ်တန်းစားတွေက ပစ်ပယ်ထားသလို ခံစားနေကြရပြီး လူတဦးချင်း အကြွေးတွေ ပတ်လည်ဝိုင်း ချည့်နဲ့နေကြပါတယ်။ နည်းပညာတွေအပေါ်မှာလည်း စိတ်ဓာတ်ပျက်ပြား အားလျှော့နေကြပြီး သဘာဝဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကလည်း အစီအရီ တခုပြီးတခု ကြုံတွေ့နေကြရပါတယ်။ ဓနဥစ္စာ စုပုံမှုတွေက ရွှေခေတ်အဆင့် ဖြစ်နေပေမဲ့လည်း လူ့သက်တန်းတွေက မတိုးဘဲ ရပ်တန့်နေပါတယ်။ လူတွေက ငယ်ငယ်ရွယ်ရွယ် သေဆုံးနေတဲ့နှုန်းကလည်း ကြောက်ခမန်းလိလိပါ။ ဒီအချက်တွေ အားလုံး ပေါင်းချုပ်လိုက်တော့ နိုင်ငံရေးအရ သွက်ချာပါဒလိုက်သလို ဖြစ်နေရပါတယ်။
မစ္စတာထရမ့်ပ်ရဲ့ အင်ပိုင်ယာ နယ်ပယ်ချဲ့ထွင်ရေး စစ်တုရင်ကွက်က အခုလို အကျပ်အတည်း အခြေအနေကို ချိုးဖောက် ထွက်ချင်ပုံပါပဲ။ ဆိုလိုတာက အနာဂတ်မရှိတော့တဲ့ နိုင်ငံတခုအတွက် အကန့်အသတ် မရှိတော့သလိုမျိုးပါ။ ခင်ဗျားတို့ ဂရင်းလန်ဒ်ကို လိုချင်ပါသလား။ ကျနော် ဂရင်းလန်ဒ်ကို ယူပေးမယ်။ ကျနော်တို့ ကနေဒါကို လိုချင်ပါသလား။
Político နိုင်ငံရေးဂျာနယ်ရဲ့ အဆိုအရ ဓနဥစ္စာကြွယ်ဝကြတဲ့ ထရမ့်ပ်ကို ထောက်ခံကြသူတွေက အထူးသဖြင့် နည်းပညာကဏ္ဍက ပုဂ္ဂိုလ်တွေက ဂရင်းလန်ဒ်ကျွန်းဟာ ၎င်းရဲ့ သယံဇာတတွေ အတွက်သာ တန်ဖိုးရှိနေတာ မဟုတ်ဘူး၊ မဟာဗျူဟာမြောက် နယ်တခုအဖြစ်လည်း တန်ဖိုးကြီးတယ် မြင်ကြပါတယ်။ တဖက်မှာလည်း အခုဖြစ်နေတဲ့ ထုံထိုင်း အီလေးနေတဲ့ အခြေအနေကနေ ကိုးကွယ်ယုံကြည်မှုပိုင်းအရ ထွက်ပေါက်အဖြေတခုလို မြင်နေကြပါတယ်။ ဒရွတ်ဆွဲ အီလေးနေတဲ့ နိုင်ငံတခုအတွက် မျှော်လင့်ရည်မှန်းချက် တခုခု ပြန်ဖြည့်ပေးတာမျိုးပါ။
ဒါပေမဲ့ ဒီနိုင်ငံကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေက ဒီလိုနည်းနဲ့ ပြေလည်သွားမှာတော့ မဟုတ်ပါဘူး။ စိတ်ကူးထဲက ရှေ့တန်း ဒေသစွန်တခုကို ထွက်ပြေးသွားရုံနဲ့၊ ပြင်းထန်တဲ့ ရာသီဥတုသစ်ကို ရင်ဆိုင်လိုက်ရုံနဲ့ မပြေလည်နိုင်ပါဘူး။ ထရမ့်ပ်ကို ထောက်ခံသူတဦးကတော့ ဒီလိုပြောပါတယ်။ “လူအသစ်တွေနဲ့” အားဖြည့်ကြတာပေါ့တဲ့။
ဒီလို မစ္စတာထရမ့်ပ်က လူတွေကြွေးကြော်သံတခုမှာ စုဝေးလာစေရေးအတွက် စမ်းတဝါးဝါး ယောင်နန လုပ်နေတာတွေက အန္တရာယ် ကြီးလှပါတယ်။ နိုင်ငံတကာဆက်ဆံရေး နိုင်ငံရေးကို အန္တရာယ်ရှိတဲ့ ကစားပွဲတခုလို စွန့်စားလုပ်နေတာပါပဲ။ ထရမ့်ပ် အချက်ပြနေတာက ကမ္ဘာကြီးက အသစ်သော ဥပဒေသတွေနဲ့ သွားနေပြီလို့ ဆိုချင်ပုံရပါတယ်။ တကယ်ပြောရရင်တော့ ဥပဒေသ အဟောင်းတွေပါပဲ။ ထူးမနေပါဘူး။ အာဏာကြီးသူတွေက သူတို့အလိုကျ အကုန်လုပ်ပါလိမ့်မယ်။ အင်အားနည်းသူတွေက ခံရမယ် ဆိုတာပါပဲ။ ပြောရမယ်ဆိုရင်တော့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဖြစ်လာတဲ့ အခင်းအကျင်းမှာ အားနည်းချက်တွေ၊ ပြောတမျိုး လုပ်တမျိုး ရှေ့နောက်မညီတာတွေ အများအပြား ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာကြီးမှာ ဖြစ်ပေါ်လွှမ်းမိုးခဲ့တဲ့ အိုင်ဒီယာက ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ကြရေးပါ။ ဒီအချက်ကပဲ သံတမန်ရေးကိစ္စတွေအတွက် စတင်ရာစတင်ကြောင်း၊ အခြေခံလိုအပ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ကျူးကျော်ရေး မဟုတ်ပါဘူး။
မစ္စတာထရမ့်ပ်ရဲ့ ရန်လိုကျူးကျော်ရေး စိတ်ကူးယဉ်မှုနဲ့ သူ့ရဲ့ တနင်္လာနေ့က ပြောဆိုခဲ့တဲ့ “ကျနော်တို့နယ်မြေတွေ” ချဲ့ထွင်ရေး ခြိမ်းခြောက်မှု၊ ဒဏ်ခတ်သလို ဆောင်ရွက်မယ့် သွင်းကုန်ခွန်တွေ၊ ဒါမှမဟုတ် ကမ္ဘာ့နယ်နိမိတ်စည်းတွေကို ပြန်ပြင်ရေးဆွဲမယ်ဆိုတဲ့ စစ်အင်အား အသုံးပြုမှု၊ စတာတွေမှာ တွေ့နိုင်ပါတယ်။ သူ့ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ မိန့်ခွန်းမှာ အသံမြှင့်ပြော မိုးထိုးနေပေမဲ့ နစ်နာစေမယ့်အကြောင်း အန္တရာယ်တွေ များစွာ ရှိနေသေးတာ ဖော်ပြနေပါတယ်။ “ကျနော်တို့ကို အနိုင်ယူလို့မရဘူး”၊ “ကျနော်တို့ကို လာခြိမ်းခြောက်လို့ မရဘူး” စတာမျိုးတွေလည်း ပြောဆိုခဲ့တာ ကြားရပါသေးတယ်။ သူ သေချာ ရှင်းလင်းပြောခဲ့တဲ့ သတင်းစကားကတော့ လွှမ်းမိုးချုပ်ကိုင်မှုကပဲ ကမ္ဘာကြီးကို ပြန်လည်ဖွဲ့စည်းမယ့် အခြေခံမူ ဖြစ်ပါလိမ့်မယ်။ နိုင်ငံစုံ အပြန်အလှန်အကျိုးနဲ့ ဆောင်ရွက်တဲ့ဝါဒ (mutualism) မဟုတ်ပါဘူး။ အောင်နိုင်သိမ်းယူရေးဆိုတဲ့ အယူဝါဒ ဖြစ်ပါတယ်။ ခေတ်မမီတော့ဘူးလို့ ယူဆနိုင်ပေမဲ့ အကြုံးဝင်နေတုန်းပါ။
အမှန်ဆိုရရင်တော့ ကမ္ဘာကြီးက လူတွေ သေကျေ ပျက်စီးရတဲ့ စစ်ပွဲတွေနဲ့ ဆုပ်ကပ် ဆိုက်နေရပါတယ်။ သမ္မတဟောင်း ဘိုင်ဒင်ကို အနီးကပ် အကြံပေးခဲ့ကြသူတွေ အပါအဝင် အခုကာလ အဂ္ဂမဟာဗျူဟာ ကြံဆကြသူတွေက စစ်ပွဲတွေက နိဂုံးချုပ် အဆုံးသတ်လိုက်မဖို့ မဟုတ်ဘူး။ အဲဒီအစား မိမိဩဇာလွှမ်းမိုးနိုင်ဖို့ ဩဇာနယ်ပယ် အခွင့်အလမ်းတွေအဖြစ် မြင်နေကြတာပါ။
တရုတ်နိုင်ငံနဲ့ အရေးမှာတော့ သမ္မတဟောင်း ဂျိုးဘိုင်ဒင်က မစ္စတာထရမ့်ပ် လုပ်ခဲ့တဲ့ ကုန်သွယ်ရေးကိစ္စနဲ့ ဘေဂျင်းအစိုးရကို ဝိုင်းရံထိန်းချုပ်ထားရေးကိစ္စတွေမှာ အရင်လူလုပ်ခဲ့တဲ့ အပေါ်မှာပဲ ဆက်နင်း လိုက်လျှောက်ပါတယ်။ ဖြစ်နိုင်တာက ပဋိပက္ခအဆင့်မျိုး ရောက်လာနိုင်ခြေ ရှိပါတယ်။ အထူးသဖြင့် ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်အရေးတွေပါ။ ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တဲ့ကိစ္စ၊ အစ္စရေးက ဂါဇာသာမက လက်ဘနွန်၊ ဆီးရီးယားနိုင်ငံတွေ အထိပါ ကျူးကျော်တိုက်ခိုက်တဲ့ ကိစ္စတွေမှာတော့ သိပ်မထူးပါဘူး၊ အမေရိကန်က လုပ်ခဲ့သလိုပါပဲ။ “အမေရိကန် စစ်တပ်ကြီးက အာဖဂန်နစ္စတန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယားနဲ့ ကျန်ဒေသတွေမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်ကြသလိုပါပဲ။” ဥပဒေကြောင်း သီအိုရီပညာရှင် အဲရစ် ပေါ့စနာ (Eric Posner) က ရေးပါတယ်။ “နိုင်ငံတကာ ဥပဒေတွေ ပျက်စီးရတာက ကျနော်တို့ ဘေးပတ်ဝန်းကျင်မှာ အပြည့်ရှိနေပါတယ်” ဆိုသတတ်။
မစ္စတာထရမ့်ပ်ရဲ့ အင်ပိုင်ယာ စိတ်ကူးစိတ်သန်းတွေက ရှေ့ဖြစ်မယ့်အရေး ကြိုတင်လမ်းခင်းတာတော့ မဟုတ်ပါဘူး။ ပြောရရင် ရှိနေပြီးသား ကိစ္စတခုကို တကယ် တရားဝင်လာအောင် လုပ်ယူတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကမ္ဘာ့အခင်းအကျင်းအသစ်မှာ ကျူးကျော်မှုတွေကို မျှော်လင့်ထားရမယ် ဆိုတာပါပဲ။
သို့တိုင်အောင် သူ့ရဲ့ သိမ်းကြုံးပြောတတ်တဲ့ ဘာသာစကား (သူက မဟာမိတ်တွေနဲ့ အင်အားစုတွေကို ဆွပေးပြီး မကြာသေးခင်က ကနေဒါ၊ ဒိန်းမတ်၊ ပနားမားတို့ကို လုပ်ခဲ့ ပြောဆိုခဲ့သလိုမျိုး၊ လွှမ်းမိုးနိုင်ရေးကိစ္စကို ကလေးဆန်ဆန် တိုက်ခိုက်မှုစကားတွေနဲ့ ဆက်လုပ်ချင်ပုံ ရပါသေးတယ်) တွေက မူလကတည်းက မတည်ငြိမ် ဆူပွက်နေတဲ့ ကမ္ဘာကြီးကို ပိုလို့ မတည်ငြိမ် ဆူပွက်အောင် လုပ်ချင်ပုံရပါတယ်။ အတိတ်က သင်ကြားခဲ့တဲ့ သင်ခန်းစာတခုကတော့ အထူးသဖြင့် မစ္စတာထရမ့်ပ် လိုလားဆုတောင်းနေတဲ့ အင်ပိုင်ယာဖြစ်ချင်ဇောက ဒီနေ့ကျင်လည်နေရတဲ့ ကမ္ဘာမှာ ရန်လိုတဲ့၊ အာဏာကို ဗဟုသဘော ထောင့်အသီးသီးက ထိန်းညှိမယ့် အနေအထားမျိုးပဲ ဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်ကို တွန်းရင်၊ ရုရှားကိုတွန်းရင်၊ နိုင်ငံအားလုံးပဲ ဖြစ်ဖြစ်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ တဖက်ကို ကိုယ်အသာစီးရဖို့ တွန်းရင် ပိုလို့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာမှာပါပဲ။ ပိုလို့ အန္တရာယ်ထဲကို တိုးဝင်စွန့်စားသလို ဖြစ်မှာပါ။ စစ်ပွဲတွေ ပိုလို့ ဖြစ်လာမှာပါ။
သမိုင်းပညာရှင် ဂရက်ဂရန်ဒင်
ဘာသာပြန်- အောင်သူငြိမ်း
Ref: [Greg Grandin. (Jan 21, 2025). Trump Dreams of a New American Empire. New York Times.]
ဂရက်ဂရန်ဒင် (Greg Grandin @GregGrandin) သည် ယေးလ်တက္ကသိုလ်မှ သမိုင်းပါမောက္ခ ဖြစ်ပါသည်။ မကြာသေးမီက ထုတ်ဝေခဲ့သည့် သူ၏စာအုပ်မှာ ပူလစ်ဇာဆု ရရှိထားသော “ယုံမှတ်မှားချက်တို့၏ နိဂုံး- အမေရိက၏ စိတ်တွင်းရှိ ရှေ့တန်းဒေသများမှသည် နယ်စပ် စည်းရိုးနံရံများဆီသို့” (The End of the Myth: From the Frontier to the Border Wall in the Mind of America) နှင့် နောက်ထပ်ထုတ်ရန် ပြင်ဆင်နေသည့် “အမေရိက- ကမ္ဘာသစ်အတွက် သမိုင်းအသစ်” (America, América: A New History of the New World) စာအုပ်တို့ ဖြစ်ပါသည်။)