အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အဓိပ္ပာယ်မဲ့တဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ အမြန်ဆုံး တွေ့ဆုံဖို့ အသင့်ဖြစ်နေပြီလို့ ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။
သူကြားထားတဲ့အတိုင်းဆိုရင် ပူတင်က သူ့ကိုတွေ့ချင်နေပြီး သူလည်း မြန်နိုင်သမျှ မြန်မြန် ချက်ချင်းပဲ တွေ့ဆုံချင်တယ်လို့ ထရမ့်ပ်က အိမ်ဖြူတော်မှာ ပြောကြားခဲ့ပါတယ်။
“နေ့တိုင်း မတွေ့ဖြစ်တော့ စစ်မြေပြင်မှာ စစ်သားတွေ သေကျေနေရတယ်” လို့လည်း ဆိုပါတယ်။
အစောပိုင်းမှာ ထရမ့်ပ်က ယူကရိန်းနဲ့ စစ်ပွဲကို အဆုံးသတ်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အမြန်ဆုံး တွေ့ဆုံလိုကြောင်း ပြောကြားခဲ့ပြီး နျူးကလီးယား လက်နက်တွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်လိုကြောင်းလည်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုဟာ သမ္မတ ပူတင်ကို စေ့စပ်ညှိနှိုင်းဖို့ တွန်းအားပေးနိုင်မလားလို့ သတင်းထောက်ရဲ့ မေးခွန်းကို ထရမ့်ပ်က အဲဒါကို မသိနိုင်ပေမဲ့ သူနဲ့ အပေးအယူလုပ်သင့်တယ်လို့ ထင်ကြောင်း ဖြေကြားခဲ့ပါတယ်။
ယူကရိန်း-ရုရှား စစ်ပွဲနဲ့ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ဘာလုပ်နိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ တရုတ်ဟာ ရုရှားအပေါ် သြဇာကြီးမားပြီး အပြန်အလှန် စွမ်းအင် ထောက်ပံ့နေကြပြီးတော့ သူတို့ဟာ အလွန်ကြီးမားတဲ့ ကုန်သွယ်ဘက်ဖြစ်ကြောင်း၊ သူတို့ဟာ ရုရှားအပေါ် သြဇာညောင်းတာကြောင့် ရုရှားအနေနဲ့ သဘောတူညီမှုတခု လုပ်သင့်တယ်လို့လည်း ဆိုပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိလာတဲ့ ထရမ့်ပ်က “ဒီစစ်ပွဲကို အဆုံးသတ်ဖို့အတွက် သမ္မတပူတင်နဲ့ မကြာခင် တွေ့ဆုံခွင့်ရချင်ပါတယ်” လို့ ဒါးဗော့စ်ရှိ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဗီဒီယိုလင့်ခ်ကတဆင့် ပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးဟာ စစ်ပွဲကို အဆုံးသတ်ဖို့ သဘောတူညီမှုတခု ပြုလုပ်ဖို့ အသင့်ရှိကြောင်း သူ့ကို ပြောကြားခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောဆိုခဲ့ပါတယ်။
Source : Reuters