Home
ဆောင်းပါး
ကျား/မ နှစ်မျိုးပဲ ရှိကြောင်းအမိန့် ထရမ့်ပ် ဘာကြောင့်ထုတ်သလဲ
DVB
·
January 23, 2025

ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်ဖြစ်ချင်းမှာပဲ အမေရိကန်ကိုသာမက ကမ္ဘာကိုပါ ပွက်လောရိုက်စေတဲ့ အမေရိကအကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ အမိန့်တွေ အများကြီး ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထွက်တာ၊ ရွှေ့ပြောင်းကိစ္စကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်တာ၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကထွက်တာ၊ ကက်ပီတယ်လ်လွှတ်တော် အဆောက်အအုံ ဝင်စီးမှုမှာ ပါဝင်ခဲ့တဲ့သူတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာ၊ စည်းကျပ်ခွန် တိုးကောက်ဖို့ စီစဉ်နေတာလိုမျိုး နိုင်ငံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်အရေးတွေနဲ့ ပတ်သက်တဲ့ အမိန့်တွေ ပထမနေ့မှာတင် တန်းစီထုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဖြစ်စဉ်ကြီးတွေလောက် မီဒီယာတွေမှာ ဖော်ပြမခံရပေမဲ့ စိတ်ဝင်စားစရာကောင်းသလို အငြင်းပွားစရာကောင်းတဲ့ အမိန့်တခု ရှိခဲ့ပါတယ်။

အဲဒါကတော့ အမေရိကန်အစိုးရဟာ ကျား/မ လိင်နှစ်မျိုးသာ လက်ခံကြောင်း သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် ဖြစ်ပါတယ်။ ဒါဟာ နိုးထရေးလှုပ်ရှားမှု (Woke) လို့ ထင်ရှားတဲ့ လူမှုတရားမျှတမှုရရှိရေး လှုပ်ရှားမှုတွေကို ပြန်အရှိန်သတ်တဲ့ လုပ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ woke ဆိုတာ မူလက လူမည်းတွေအတွက် လူမှုရေးနဲ့ နိုင်ငံရေး တရားမျှတမှုရဖို့ လုပ်တဲ့ကိစ္စ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ လူမျိုးရေး၊ လိင်နဲ့ LGBTQ အခွင့်အရေး လှုပ်ရှားမှုတွေပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုတွေဟာ အလွန်အကျူးဖြစ်လာတယ်ဆိုတဲ့ အမြင်မျိုး ရှိလာချိန်မှာတော့ anti-woke လို့ခေါ်တဲ့ နိုးထမှုဆန့်ကျင်ရေးဆိုတာပါ တန်ပြန် ထွက်ပေါ်လာပါတယ်။ အခု ထရမ့်ပ်အစိုးရသစ်ဟာ နိုးထရေးလှုပ်ရှားမှု ဆန့်ကျင်ရေး (anti-woke) အစီအစဉ်တွေ စတင်အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က “ဒီအပတ်မှာ လူမှုဘဝနဲ့ ပုဂ္ဂလိဘဝ နယ်ပယ်တိုင်းမှာ   လူမျိုးရေးနဲ့ ကျားမရေးကို စီမံဖို့ ကြိုးစားနေတဲ့ အစိုးရမူဝါဒကို ရပ်တန့်သွားမှာပါ။ အရောင်မခွဲခြားတဲ့ အရည်အချင်းပေါ်မူတည်တဲ့ လူ့အဖွဲ့အစည်းတခုကို ကျနော်တို့ တည်ဆောက်သွားမှာပါ။ ဒီနေ့ကစပြီး အမေရိကန်အစိုးရရဲ့ တရားဝင်မူဝါဒမှာ လိင်ဟာ ကျားနဲ့မ ဆိုပြီး နှစ်မျိုးပဲရှိမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အမိန့်ရဲ့ခေါင်းစဉ်ကို မူရင်းအတိုင်း ဖော်ပြရရင် “ဂျန်ဒါအိုင်ဒီယိုလိုဂျီ အစွန်းရောက်ဝါဒမှ အမျိုးသမီးများကို ကာကွယ်ပေးခြင်းနှင့် ပြည်ထောင်စုအစိုးရတွင် ဇီဝ အမှန်တရား ပြန်လည် အသက်သွင်းခြင်း” ဆိုပြီး ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ အမိန့် အခန်း ၁၊ ရည်ရွယ်ချက်မှာ၊ နိုင်ငံတလွှားမှာ လိင် (Sex) ရဲ့ ဇီဝအမှန်တရားကို ငြင်းပယ်တဲ့ ဝါဒရေးရာသမားတွေဟာ အမျိုးသားတွေက ကိုယ့်ကိုယ်ကိုယ် အမျိုးသမီးအဖြစ် ဖော်ပြတာကို ခွင့်ပြုဖို့ ဥပဒေအရရော တခြားလူမှုရေးအရပါ နိုင်ထက်စီးနင်းပြုတဲ့ နည်းလမ်းတွေကိုပါ အသုံးပြုနေကြတယ်လို့ ထရမ့်ပ်က ဖော်ပြထားပါတယ်။ ဒီလိုနည်းနဲ့  အိမ်တွင်းအကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအတွက် ခိုလှုံရာနေရာတွေက စလို့ အမျိုးသမီးတွေရဲ့  အလုပ်ခွင် ရေချိုးခန်းတွေအထိ အမျိုးသမီးတွေအတွက် သီးသန့်နေရာတွေနဲ့ လှုပ်ရှားမှုတွေကို ရယူနေကြတယ်လို့ ဆိုပါတယ်။ ဒါဟာ မှားယွင်းနေတယ်လို့လည်း အမိန့်မှာ ဖော်ပြထားပါတယ်။ လိင် (sex) ရဲ့ ဇီဝ ပကတိအရှိတရားကို ဖယ်ရှားဖို့ အားထုတ်တာဟာ အမျိုးသမီးတွေကို သူတို့ရဲ့ ဂုဏ်သိက္ခာ၊ ဘေးကင်းမှုနဲ့ သာယာဝပြောမှုကို ဖယ်ရှားတာပဲလို့လည်း သုံးသပ်ထားပါတယ်။

ဘာကြောင့် anti-woke ဆိုတာ အားကောင်းလာရသလဲ ဆိုတာမှာ အကြောင်းရင်းတွေတော့ ရှိနေပါတယ်။ စစ်ဦးစီးချုပ်များအဖွဲ့ဥက္ကဋ္ဌ နေရာကို လူမည်းမို့လို့ ပေးတယ်ဆိုတဲ့ စွပ်စွဲချက်ကနေ Transgender ကစားသမားတွေ အမျိုးသမီးအားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့်ရပြီး ဗိုလ်စွဲကုန်တာအထိ ပြဿနာတွေက အများကြီးရှိနေပါတယ်။ Transgender ဆိုတာ မွေးရာပါလိင်နဲ့ ကိုယ့်ကိုယ်ကိုယ် ခံယူမှုကွဲပြားတဲ့ ပုဂ္ဂိုလ်လို့ ယေဘုယျ ပြောနိုင်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာတုန်းက ကယ်လီဖိုနီးယားမှာ Transgender ကစားသမားတဦးကို ပေးမပြိုင်ဖို့ အမျိုးသမီး ဘောလီဘောအသင်းတွေ ဝိုင်းတောင်းဆိုကြပါတယ်။ တရားသူကြီးက ဒီတောင်းဆိုချက်ကို ပယ်ချခဲ့အပြီးမှာ ပြိုင်ဘက် ၆ သင်းတိတိ အဲဒီကစားသမားပါတဲ့ အသင်းနဲ့ ပြိုင်ဖို့ ငြင်းခဲ့ကြပါတယ်။ Transgender အားကစားသမားတွေရဲ့ ပြဿနာဟာ အမေရိကန် ကောလိပ် အားကစားနယ်ပယ်မှာတင်မကဘဲ နိုင်ငံ့လက်ရွေးစင်အဆင့်မှာရော၊ ကမ္ဘာ့အားကစားလောကမှာပါ အငြင်းပွားစရာအကောင်းဆုံး ပြဿနာ ဖြစ်နေပါတယ်။

မဲဆွယ်ကာလမှာ ကာမာလာဟဲရစ်ကို ထရမ့်ပ်ဘက်က အထိုးနှက်နိုင်ဆုံးကြော်ငြာတခု ရှိပါတယ်။ အဲဒါကတော့ ထောင်ကျနေတဲ့ Transgender အကျဉ်းသားတွေ လိင်ပြောင်းတဲ့ ခွဲစိတ်မှုအတွက် အခွန်ထမ်းပြည်သူတွေရဲ့ ငွေနဲ့ အစိုးရက စိုက်ထုတ်ကျခံပေးရတဲ့ ကိစ္စအပေါ် ကာမာလာဟဲရစ်က ခုခံပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ပါ။ ဝီကီလိခ် ဝက်ဘ်ဆိုက်ကို သံတမန်ရေးနဲ့ စစ်ဘက် လျှို့ဝှက်စာရွက်စာတမ်းတွေ ဖွင့်ချလို့ ထောင်ကျခဲ့တဲ့ အမေရိကန်စစ်သား ဘရက်ဒလေ မန်းနင်းဟာ ထောင်ထဲမှာ လိင်ပြောင်းပြီးတော့ နာမည်ပါ ချဲဆီးမန်းနင်း ဖြစ်သွားခဲ့တာကလည်း  အထင်ရှားဆုံးဥပမာ ဖြစ်ပါတယ်။

ဒါကြောင့် အီလွန်မက်စ် ဦးစီးတဲ့ အစိုးရအကျိုးထိရောက်မှုဌာန (Department of Government Efficiency-DOGE) ရဲ့ အစိုးရအသုံးစရိတ်လျှော့ချရေးမှာ DEI လို့ခေါ်တဲ့ မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင်မှု (Diversity, equity, and inclusion (DEI)) စီမံကိန်းတွေ ရုပ်သိမ်းရေးပါ ပါဝင်နေတာ ဖြစ်ပါတယ်။ မည်သူမည်ဝါဖြစ်မှု၊ မသန်စွမ်းမှု အခြေခံကြောင့် သမိုင်းအစဉ်အလာအားဖြင့် ခွဲခြားဆက်ဆံခံရတဲ့ ကိုယ်စားပြုပါဝင်မှု နည်းပါးတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအဖွဲ့တွေ မျှမျှတတ ဆက်ဆံခွင့်ရဖို့၊ အပြည့်အဝပါဝင်ခွင့်ရဖို့ ကြိုးပမ်းတဲ့ လှုပ်ရှားမှုတွေကို DEI  လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ Diversity လို့ ခေါင်းစဉ်တပ်ရင်ကို အစိုးရ အထောက်အပံ့ ဖြုတ်ဖို့လောက်ထိ စီစဉ်နေတာကြောင့် မြန်မာကျောင်းသားတွေကို ထောက်ပံ့ပေးတဲ့ အစီအစဉ်တခုတောင် မက်စ်က လျှော့မယ်ပြောတဲ့အထဲ ပါနေတာဖြစ်ပါတယ်။

Woke လှုပ်ရှားမှုတွေ အားကောင်းချိန်မှာ အရွယ်ရောက်ပြီးသူတွေကို ပြန်လည်သင်ကြားရေးသာ မကဘဲ ကလေးတွေရဲ့ ပညာရေးမှာပါ လွှမ်းမိုးမှုရှိလာတဲ့အတွက် မိဘတွေနဲ့ ပြဿနာ ရှိလာခဲ့ပါတယ်။ လိင် (Sex) နဲ့ ပတ်သက်ပြီး မိဘတွေနဲ့ အရပ်ဘက်အခွင့်အရေး ဥပဒေကြားမှာ ပဋိပက္ခတွေ ရှိလာခဲ့ပါတယ်။ ကိုယ့်ကလေးအတွက် လိင်ပညာပေးကိစ္စမှာ မိဘတွေက ဦးဆောင်အခန်းကဏ္ဍက ပါဝင်ချင်ကြပါတယ်။ အမေရိကန်က မိဘအများစုဟာ ဂေးတွေ လက်ထပ်တာ၊ လူတွေ လက်မထပ်ဘဲ အတူနေတာမျိုးကို ပြဿနာမရှိပေမဲ့ ကိုယ့်ကလေးကို ဒီလုပ်ထုံးလုပ်နည်းတွေ သင်ကြားပေးတာ၊ စုဆောင်းသိမ်းသွင်းတာကိုတော့ မကြိုက်ကြဘူးလို့ ထင်ရှားတဲ့ နီယိုကွန်ဆာဗေးတစ် စာရေးဆရာ၊ ဂျာနယ်လစ် ခရစ္စတိုဖာ ကာဒ်ဝဲလ်က သုံးသပ်ထားပါတယ်။ ကျောင်းတွေက ကလေးရဲ့ လိင်ပညာရေးကို လုံးဝထိန်းချုပ်သွားနိုင်ရင် ၁၅ နှစ်သမီးက ကိုယ့်လိင်ပြောင်းဖို့ ခွဲစိတ်ဖို့ အစီအစဉ်မှာ မိဘတွေက ဘာမှ ဝင်မပြောနိုင်တော့မှာမျိုးကို စိုးရိမ်နေကြတာ ရှိတယ်လို့ ဆိုပါတယ်။

ထရမ့်ပ်ရဲ့အမိန့်မှာ အမျိုးသမီးဆိုတာ ဇီဝသဘောအရ အမ ဖြစ်တယ်၊ အမျိုးသားဆိုတာ ဇီဝသဘောအရ အထီး ဖြစ်တယ်လို့ ဆိုလိုရမယ်လို့ပါ ဖော်ပြထားပါတယ်။ လိင်ကို gender နဲ့ မသုံးနှုန်းပဲ Sex လို့ပဲ သုံးရမှာဖြစ်ပြီး ကျားမ ရှင်းရှင်းလင်းလင်းဖော်ပြမှုကို ပတ်စ်ပို့တွေ၊ ဗီဇာတွေ အပါအဝင် အစိုးရက ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေမှာ သုံးစွဲဖို့ ညွှန်ကြားထားပါတယ်။ ၂၀၂၂ တုန်းက ဘိုင်ဒင်အစိုးရဟာ အမေရိကန်နိုင်ငံသားတွေ သူတို့ပတ်စ်ပို့စ်မှာ gender မဖော်ပြဘဲ X လို့ ကြက်ခြေခတ်ခွင့် ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၂၁ ရက်နေ့ကစလို့ အဲဒီလို ကြက်ခြေခတ်နိုင်ကြောင်း ရှင်းလင်းထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဝက်ဘ်ဆိုက် မရှိတော့ပါဘူး။

အမိန့်နောက်ဆုံးမှာတော့ အခုအမိန့်နဲ့မညီတဲ့ စာသင်ကျောင်းတွေအတွက် ထုတ်ပေးထားတဲ့ လမ်းညွှန်ချက်တွေ အပါအဝင် အိမ်ဖြူတော်က အရင်ထုတ်ထားတဲ့ Gender နဲ့ဆိုင်တဲ့ လမ်းညွှန်ချက်တွေ ဖျက်သိမ်းဖို့ပါ ညွှန်ကြားထားပါတယ်။ စာသင်ကျောင်းတွေမှာ LGBTQI+ ဆန့်ကျင်ရေး ညှဉ်းပန်းနှိပ်စက်မှုတွေကို ရင်ဆိုင်တုံ့ပြန်ခြင်း၊ ကျောင်းက Transgender လူငယ်တွေကို  ပံ့ပိုးခြင်း ဆိုတဲ့ ခေါင်းစဉ်ပါ လမ်းညွှန်ချက်တွေ အပါအဝင်ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ ဒုတိယအမိန့်ကတော့ ပြည်ထောင်စုအစိုးရရဲ့ ခွဲခြားဆက်ဆံရာရောက်တဲ့ DEI မူဝါဒတွေကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ DEI ဆိုတာဟာ လူမှုတရားမျှတမှုရဖို့ ချတဲ့မူဖြစ်ပေမဲ့ အဲဒီမူကြောင့်ပဲ ခွဲခြားဆက်ဆံတာမျိုး ဖြစ်တယ်ဆိုတဲ့ အယူအဆဟာ အားကောင်းလာနေပါတယ်။ ဒါကြောင့် ရက် ၆၀ အတွင်း အဲဒီလို DEI မူဝါဒတွေ၊ ရာထူးတွေ၊ ရုံးတွေ အားလုံး ရပ်တန့်မှာ ဖြစ်ပါတယ်။ အခုအမိန့်တွေအရ Trangender အကျဉ်းသားတွေပါ သူတို့ရဲ့ ဇီဝလိင်အတိုင်း ထောင်ပြောင်းရဖို့လည်း ရှိနေပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့အချို့နဲ့ LGBT အသိုက်အဝန်းကတော့ တချို့အဖွဲ့အစည်းတွေက ဒီကိစ္စအတွက် ထရမ့်ပ်အစိုးရကို တရားစွဲဖို့ ပြင်ဆင်နေပါတယ်။ DEI မူဝါဒတွေကို ထောက်ခံသူတွေကတော့ ကုမ္ပဏီတွေ၊ ကျောင်းတွေ၊ အစိုးရဌာနတွေ အဖွဲ့အစည်းတွေမှာ လူမျိုးရေးအရရော လူမှုရေးအရပါ အားလုံးပါဝင်ခွင့်ရဖို့ လိုအပ်တယ်လို့ တုံ့ပြန်ကြပါတယ်။ ဒါပေမဲ့ ထရမ့်ပ် တက်လာတော့မယ်လည်းဆိုရော Meta၊ McDonal's နဲ့ Walmart တို့လို ကုမ္ပဏီကြီးတွေက သူတို့ရဲ့ မတူကွဲပြားစွာ ပါဝင်ရေး အစီအစဉ်အချို့ကို ရပ်ဆိုင်းကြောင်း ကြေညာခဲ့ကြပါတယ်။

ထရမ့်ပ်ကတော့ ကာလာဘလိုင်းဖြစ်နေတဲ့၊ အရောင်ကန်းနေတဲ့ အရည်အချင်းပေါ်မူတည်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်မယ်လို့ ကျမ်းကျိန်မိန့်ခွန်းမှာ ထည့်ပြောထားပါတယ်။

ခွဲခြားဆက်ဆံမှုတွေကြောင့် နိုးထရေးလှုပ်ရှားမှုတွေ၊ DEI မူဝါဒတွေ ထွန်းကားလာခဲ့ပြီး နိုးထရေး (woke) လှုပ်ရှားမှုတွေ ရှိလာခဲ့သလို ဒါတွေဟာ အလွန်အကျူးဖြစ်လာပြီလို့ ယူဆလာသူ အများစု ရှိနေလို့လည်း Anti-Woke မူဝါဒတွေ အကောင်အထည်ဖော်မယ့် သမ္မတကို တင်ခဲ့ကြတာလို့ ဆိုရမှာဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ထရမ့်ပ် နိုင်ခဲ့ရုံသာမကဘဲ လွှတ်တော်နှစ်ရပ်မှာပါ ရီပတ်ဘလီကန်တွေ လွှမ်းမိုးထားနိုင်တာကိုကြည့်ရင် Anti-woke ဘက်က အားကောင်းလာမှုကို မြင်နိုင်မှာဖြစ်ပါတယ်။ သမ္မတရော လွှတ်တော်ပါ ပါတီလိုင်းတဖက်တည်းမှာ ရှိနေချိန်မှာ မူဝါဒကြီးကြီးမားမားတွေ အကောင်အထည်ဖော်ဖို့ လွယ်ကူတယ်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အမေရိကန်မှာ woke တခေတ်ပြီးတော့ anti-woke တခေတ်စပြီလို့ ဆိုရမှာဖြစ်ပါတယ်။

စိုင်းခေတ်နွေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024