Home
နိုင်ငံတကာ
မဲဆွယ်ကတိအတိုင်း ရွှေ့ပြောင်းအခြေချမှုကို ပြင်းပြင်းထန်ထန် ကန့်သတ်မည်ဟု ထရမ့်ပ်ပြော
DVB
·
January 20, 2025
Photo : PRESIDENTIAL INAUGURAL COMMITTEE / REUTERS

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ သမ္မတဖြစ်ဖြစ်ချင်းနေ့မှာပဲ အဓိက မဲဆွယ်ကတိအတိုင်း ရွှေ့ပြောင်းအခြေချမှုတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်သွားမယ်လို့  ပြောကြားလိုက်ပါတယ်။

မနက်ဖြန် နေထွက်တာနဲ့ ကျုပ်တို့တိုင်းပြည်ကို ကျူးကျော်မှု အဆုံးသတ်သွားစေရမယ်လို့ ထရမ့်ပ်က ကျမ်းကျိန်ပွဲမတိုင်ခင် ကက်ပီတယ်လ်ဝမ်းအရီနာမှာ လုပ်တဲ့ လူထုစုဝေးပွဲမှာ ပြောခဲ့ပါတယ်။

သူ သမ္မတဖြစ်တဲ့ ပထမနေ့မှာတင် သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့် (Executive orders) အမြောက်အမြား ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့လည်း ထရမ့်ပ်က ကတိပေးထားပါတယ်။

ဒါ့အပြင် အသိဉာဏ်တုနည်းပညာ (AI) တိုးမြှင့်လုပ်ဆောင်ဖို့ အီလွန်မတ်စ်ခ် ခေါင်းဆောင်တဲ့ အစိုးရအကျိုးထိရောက်မှုဌာန (DOGE) ဖွဲ့စည်းဖို့၊ လုပ်ကြံခံခဲ့ရတဲ့ သမ္မတဟောင်းတွေနဲ့ ပတ်သက်တဲ့ ရနိုင်သမျှ မှတ်တမ်းတွေကို အများသိအောင် ထုတ်ပြန်ပေးဖို့လည်း ထရမ့်ပ်က ကတိပြုထားပါတယ်။

အစ္စရေးလိုမျိုး သံကွန်ခြာဒုံးကျည်ကာကွယ်ရေးစနစ် ဖန်တီးဖို့နဲ့ မတူကွဲပြားမှု၊ သာတူညီမျှမှု၊ အားလုံးပါဝင် (DEI) မူဝါဒတွေ  စစ်တပ်ထဲက ရုပ်သိမ်းဖို့လည်း ပါဝင်ပါတယ်။

သမ္မတရဲ့ ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်က တရားရုံးက အသိအမှတ်ပြုပြီး ဥပဒေအရ စည်းနှောင်မှုရှိသလို ဖက်ဒရယ်ပြန်တမ်းမှာ  ပုံနှိပ်ဖော်ပြရတဲ့ဟာမျိုး ဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက် မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ ဝန်းကျင်မှာ ၄၇ ဆက်မြောက် အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတော့မှာ ဖြစ်ပါတယ်။

ကျမ်းကျိန်ပွဲကတော့ နာရီဝက်လောက် ကြိုစမှာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ ဖြည့်စွက်ချက် အမှတ် ၂၀ အရ လက်ရှိသမ္မတရဲ့  ၄ နှစ်သက်တမ်းဟာ ဇန်နဝါရီ ၂၀ ရက် မွန်းတည့်ချိန်မှာ ကုန်ဆုံးတာမို့ ဒီအချိန်မှာ သမ္မတသစ်က ကျမ်းကျိန်ရတာ ဖြစ်ပါတယ်။

ကျမ်းကျိန်တဲ့နေ့မှာ ရာသီဥတု အအေးလွန်မှာဖြစ်တဲ့အတွက် ကျမ်းကျိန်ပွဲကို ကက်ပီတယ်လ် အမိုးခုံးကြီးအောက်မှာ ကျင်းပဖို့ ထရမ့်ပ်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစဉ်အလာအတိုင်းဆိုရင် ကက်ပီတယ်လ် လွှတ်တော်အဆောက်အအုံ အနောက်ဘက် လေဟာပြင်မှာ ကျင်းပလေ့ရှိပါတယ်။ သမ္မတကျမ်းကျိန်ပွဲ အခမ်းအနားဟာ ၂၀၁၇ ထရမ့်ပ် ပထမသက်တမ်းနဲ့  ၂၀၂၁ ဘိုင်ဒင် တုန်းက  တနာရီလောက် ကြာမြင့်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013