Home
နိုင်ငံတကာ
ထရမ့်ပ်၏ ခရစ်ပတိုငွေကြေးသစ် နာရီပိုင်းတွင်း တန်ဖိုး ဒေါ်လာဘီလီယံချီ မြင့်တက်
DVB
·
January 20, 2025
Photo : Reuters

အမေရိကန်သမ္မတ ဖြစ်လာတော့မယ့် ဒေါ်နယ်ထရမ့်ပ်ဟာ သူ့ရဲ့ ကိုယ်ပိုင် ခရစ်ပတိုငွေကြေး $Trump ကို စတင်မိတ်ဆက်ပြီး နာရီပိုင်းအတွင်းမှာပဲ ဈေးကွက်တန်ဖိုး ဒေါ်လာဘီလီယံချီပြီး မြင့်တက်သွားပါတယ်။

$Trump (ဒေါ်လာ ထရမ့်ပ်) လို့ အမည်ပေးထားတဲ့ Meme coin (မီးမ် ကွိုင်) ကို ၄၇ ဆက်မြောက် သမ္မတအဖြစ် ကျမ်းမကျိန်မီ ၃ ရက်အလိုမှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

မီးမ်ကွိုင်တွေဟာ အင်တာနက်ပေါ်မှာ ရေပန်းစားတဲ့အကြောင်းအရာ၊ လှုပ်ရှားမှုကို အခြေခံတည် လည်ပတ်တာဖြစ်ပြီး ပင်ကိုတန်ဖိုးမရှိဘဲ အင်မတန် အပြောင်းအလဲမြန်နိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ပါတယ်။

ထရမ့်ပ်အဖွဲ့အစည်းရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ CIC Digital LLC က ဒီငွေကြေးကို စီစဉ်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကုမ္ပဏီဟာ အရင်က ထရမ့်ပ်အမှတ်တံဆိပ် ဖိနပ်နဲ့ ရေမွေးတွေကို ရောင်းချခဲ့တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

မိတ်ဆက်ပြီး နာရီပိုင်းပဲရှိသေးတဲ့ စနေနေ့ နေ့လယ်ပိုင်းမှာတင် $Trump ရဲ့ ဈေးကွက်တန်ဖိုးဟာ ဒေါ်လာ ၅ ဒသမ ၅ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။

ဒီ ခရစ်ပတိုငွေကြေးရဲ့ ၈၀ ရာခိုင်နှုန်းကို CIC Digital LLC နဲ့ Fight Fight Fight LLC တို့က ပိုင်ဆိုင်ထားပါတယ်။ ဒီကနေ ထရမ့်ပ် ဘယ်လောက်ရမလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ထရမ့်ပ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ကျုပ်ရဲ့ တရားဝင် ထရမ့်ပ် မီးမ် အသစ်ထွက်ပါပြီ။ ကျနော်တို့ရဲ့ အနိုင်ရရှိမှုတွေကို ဂုဏ်ပြုဖို့ အချိန်တန်ပြီ” လို့ ရေးသားခဲ့ပါတယ်။

ဒစ်ဂျစ်တယ်တိုကင် သန်း ၂၀၀ လောက် ထုတ်ထားပြီး နောင် ၃ နှစ်အတွင်း သန်း ၈၀၀ ထပ်ထုတ်သွားမယ်လို့ ကွိုင်ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013