
အပြာမယ်တယောက်ကို နှုတ်ပိတ်ခပေးတာ အပါအဝင် ရာဇ၀တ်မှုဆိုင်ရာစွဲချက်နဲ့ ရင်ဆိုင်နေရတဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်အပေါ် ပြစ်ဒဏ်ချမှတ်မယ့် အခြေအနေကနေ လွတ်မြောက်အောင် အမေရိကန်တရားရုံးချုပ်က လုပ်ဆောင်လိုက်ပါတယ်။
ဇန်နဝါရီ ၉ ရက် ကြာသပတေးနေ့မှာ ကွန်ဆာဗေးတစ် တရားစီရင်ရေးအရာရှိ ၂ ယောက်၊ လစ်ဘရယ်အဖွဲ့ဝင် ၃ ယောက်တို့နဲ့အတူ ၅ မဲ - ၄ မဲ ဆုံးဖြတ်ချက်နဲ့ အမေရိကန်တရားရုံးချုပ်က ဒီအမှုကို ရှင်းလင်းပေးခဲ့တာပါ။
စီရင်ချက်ချပြီးနောက်မှာ ထရမ့်ပ်ဟာ “တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်” လို့ သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်ပ်က “သူတို့က အယူခံတောင်းဆိုခဲ့ပြီး ပြစ်ဒဏ်မပေးဘူးဆိုတဲ့ တရားသူကြီး ပြောစကားကို သူတို့ အသိအမှတ်ပြုတယ်။ တကယ်လည်း ပြစ်ဒဏ်မရှိဘူး။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ အရှက်တကွဲ အကျိုးနည်းကိစ္စမို့လို့ စိတ်ပိုင်းဆိုင်ရာအရပဲ အယူခံဝင်သွားမယ်” လို့လည်း ပြောပါတယ်။
ဒါဟာ နိုင်ငံရေးပြိုင်ဘက်တွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး သူဟာ သမိုင်းတလျှောက်မှာ တစုံတခု အကြောင်း ပြောဖို့တောင် တရားသူကြီးက နှုတ်ဖွင့်ပြောဆိုခွင့် အပိတ်ခံထားရတဲ့ ပထမဆုံး သမ္မတ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“သူ့မှာ ဘာပြစ်မှုမှ မရှိတော့ဘူး။ တနည်းအားဖြင့် တရားသူကြီးတွေရဲ့ အတုအယောင် စွဲချက်အားလုံးမှာ သူဟာ အပြစ်ကင်းမဲ့တယ်” လို့ ထရမ့်ပ်က သူ့ကိုယ်ပိုင် “ထရုသ်” လူမှုမီဒီယာမှာ ပို့စ်တင် ရေးသားထားပါတယ်။
“သဘောထားကွဲလွဲလွန်းတဲ့ တရားမျှတမှုကြီးကို ဖြေရှင်းဖို့ အမေရိကန်ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အချိန်နဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်မိပါတယ်” လို့လည်း ဆိုပါတယ်။
နိုင်ငံတော်သမ္မတရဲ့ ကြီးမြတ်မှုနဲ့ ဂုဏ်သိက္ခာအတွက် သူဟာ ဒီအမှုကို အယူခံဝင်မှာဖြစ်ပြီး တရားမျှတမှု ထွန်းကားလာမယ်လို့ ယုံကြည်ကြောင်းလည်း ဖော်ပြထားပါတယ်။
ထရမ့်ပ့်ရဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းအတွက် ကျမ်းသစ္စာမကျိန်ဆိုမီ ၁၀ ရက်အလိုမှာ နယူးယောက်ပြည်နယ် မန်ဟက်တန်ရှိ တရားရုံးမှာ ဇန်နဝါရီ ၁၀ ရက် သောကြာနေ့အတွက် စီစဉ်ထားတဲ့ သူ့ရဲ့စီရင်ချက် ချမှတ်ခံရခြင်းကို တားဆီးဖို့ ထရမ့်ပ်ရဲ့ နောက်ဆုံးမိနစ် ကမ်းလှမ်းချက်ကို တရားရုံးက ပယ်ချခဲ့ပါတယ်။
Source : Reuters