နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ်လို့ ဥရောပသမဂ္ဂ (EU) ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ အန်နစ်တာဟစ်ပါက ဇန်နဝါရီ ၉ ရက်မှာ ပြောလိုက်ပါတယ်။
ဂရင်းလန်းကို လွှဲပြောင်းယူဖို့ အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က မှတ်ချက်ပေးပြီးတဲ့နောက် ခုလိုပြောလိုက်တာပါ။
ဂရင်းလန်းနဲ့ ပနားမားတူးမြောင်းကို အမေရိကန်က သိမ်းယူလိုချင်တဲ့ဆန္ဒရဲ့ တစိတ်တပိုင်းအနေနဲ့ စစ်ရေး၊ စီးပွားရေးဆိုင်ရာ အရေးယူဆောင်ရွက်ချက်တွေကို တားမြစ်ဖို့ ထရမ့်ပ်က ဇန်နဝါရီ ၆ ရက်မှာ ငြင်းဆိုခဲ့ပါတယ်။
လက်နက်ကိုင်ရန်စမှုတွေ ရှိခဲ့ရင် EU ရဲ့ လစ္စဘွန်းစာချုပ် ပုဒ်မ ၄၂.၇ ဟာ ဂရင်းလန်းအတွက် သက်ရောက်မယ်လို့ EU ကော်မရှင်က ပြောပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ ဇန်နဝါရီ ၂၀ ရက် ကျမ်းသစ္စာကျိန်ဆိုပွဲမှာ သမ္မတရာထူးမယူခင် နှစ်ပတ်အလိုမှာ ထရမ့်ပ်ရဲ့ မှတ်ချက်တွေဟာ ချဲ့ထွင်ရေးအစီအစဉ်တရပ်ကို ထပ်လောင်းဖော်ပြထားပါတယ်။
ဂရင်းလန်းကျွန်းဟာ ဒိန်းမတ်ဘုရင့်နိုင်ငံထဲက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေလည်း ဖြစ်ပါတယ်။
ဥရောပသမဂ္ဂဟာ သူ့ရဲ့ အချုပ်အခြာနယ်နိမိတ်ကို တခြားနိုင်ငံတွေက လာပြီး တိုက်ခိုက်ဖို့ ခွင့်မပြုဘူးလို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးကလည်း ဇန်နဝါရီ ၈ ရက်မှာ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ယွန်းနူအယ်ဘာဟူက နှစ်ပေါင်း ၆၀၀ ကျော် ကြာအောင် ဒိန်းမတ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်ခဲ့တဲ့ ကျယ်ပြောလှတဲ့ အာတိတ်ကျွန်းကို ကျူးကျော် ဝင်ရောက်မယ် ဆိုတာကို သူ့အနေနဲ့ မယုံဘူးလို့ ဖရန့်စ် အင်တာရေဒီယိုဌာနကို ပြောခဲ့ပါတယ်။
ဒါ့အပြင် တက်စ်လာ အမှုဆောင်အရာရှိချုပ် အီလွန်မက်စ်ခ်ကို ရည်ညွှန်းပြီးည်း ဥရောပကော်မရှင်ဟာ သူ့ရဲ့ လက်ရှိဥပဒေတွေကို ပိုပြင်းထန်တဲ့နည်းလမ်းနဲ့ သုံးရမယ်လို့လည်း ဘာဟူက ပြောပါတယ်။
ဥရောပကော်မရှင်ဟာ ကျနော်တို့ရဲ့ ထူးခြားတဲ့ နေရာကို ကာကွယ်ဖို့ တည်ရှိနေဆဲ ဥပဒေတွေကို အကြီးကျယ်ဆုံး အခိုင်အခံ့ ကျင့်သုံးရမယ်၊ တကယ်လို့ မကျင့်သုံးနိုင်ရင် ဒီအခြေအနေမှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို ပြင်သစ်နိုင်ငံကို လုပ်နိုင်စွမ်း ပြန်ပေးဖို့ စဉ်းစားသင့်တယ်လို့ ဘာဟူက ပြောခဲ့ပါတယ်။
Source : Reuters