Home
နိုင်ငံတကာ
ဓားစာခံပြန်လွှတ်ရန် ဟားမတ်စ်ကို ထရမ့်ပ်သတိပေး၊ ကာကွယ်ရေးစရိတ် GDP ၅ ရာခိုင်နှုန်း ပေးရန် နေတိုးကို တိုက်တွန်း 
DVB
·
January 8, 2025
Photo-Reuters

ပြန်ပေးဆွဲခံရတဲ့ အစ္စရေးဓားစာခံတွေကို မိသားစုတွေဆီ ပြန်မပေးသေးရင် အရှေ့အလယ်ပိုင်းမှာ ငရဲတွေအားလုံး လွှမ်းသွားမယ်လို့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟားမတ်စ်တွေကို ထပ်လောင်း သတိပေးလိုက်ပါတယ်။

ထရမ့်ပ်က သူ သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် သူ့အနေနဲ့ သတင်းကောင်းတွေ ကြေညာနိုင်ဖို့ မျှော်လင့်တယ်လို့ အရှေ့အလယ်ပိုင်း အထူးသံတမန် စတိဗ် ဝစ်ကော့ထ်နဲ့အတူ ဖလော်ရီဒါပြည်နယ် ပမ်းဘိချ်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

နောက်ထပ် အဖြေတွေရဖို့ သတင်းထောက်တွေက ဝစ်ကော့ထ်ကို ဖိအားပေး မေးမြန်းနေချိန်မှာ ထရမ့်ပ်က ကြားဖြတ်ပြောဆိုခဲ့တာပါ။

"ကျနော် ရာထူးတက်ချိန်ရောက်မှ ဓားစာခံတွေ ပြန်မလာဘူးဆိုရင် အရှေ့အလယ်ပိုင်းမှာ ငရဲတွေ ပြည့်လွှမ်းသွားလိမ့်မယ်၊ ဟားမတ်စ်တွေအတွက်တော့ မကောင်းပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဘယ်သူ့ အတွက်မှ မကောင်းပါဘူး"လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။

ဟားမတ်စ်တွေက အစ္စရေးကို အောက်တိုဘာ ၇ ရက်မှာ တိုက်ခိုက်လို့ လူ ၁၂၀၀ ကျော် သေဆုံးပြီး လူရာချီကိုလည်း ဓားစာခံအဖြစ် ဂါဇာကမ်းမြောင်ဆီ ဖမ်းခေါ်သွားခဲ့တာပါ။

အစ္စရေးက လက်တုံ့ပြန်တိုက်ခိုက်လို့ ဂါဇာမှာ ဇန်နဝါရီ ၈ ရက်အထိ သေဆုံးသူ ဦးရေဟာ ၄၅၈၈၅ ယောက် ရှိသွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။

အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)ရဲ့ အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ရဲ့ ၅ ရာခိုင်နှုန်းကို ကာကွယ်ရေးအတွက် သုံးစွဲသင့်တယ်၊ လက်ရှိပစ်မှတ် ၂ ရာခိုင်နှုန်းထက် သိသိသာသာ တိုးလာသင့်တယ်လို့ ဇန်နဝါရီ ၇ ရက်မှာ ပြောလိုက်ပါတယ်။

NATO အဖွဲ့ဝင် ၂၈ နိုင်ငံထဲက ၂၁ နိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို လုံးလုံးမပေးတာ မဟုတ်ရင် အလွန်နည်းနည်းပဲ ပေးခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။

“ကျနော်က ဒေါ်လာ ၆၈၀ ဘီလီယံကျော်ရအောင် လုပ်ခဲ့ရတယ်။ ခင်ဗျားတို့ ငွေမပေးရင် ကျနော်တို့က အကာအကွယ်ပေးတော့မှာ မဟုတ်ဘူး” လို့လည်း ထရမ့်ပ်က ပြောပါတယ်။

“NATO က ကျနော်တို့ကို အခွင့်ကောင်းယူနေတယ်။ NATO မှာ ကာကွယ်ရေးအသုံးစရိတ်က GDP ရဲ့ ၅ ရာခိုင်နှုန်း ရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်”လို့ မာအာလာဂိုမှာ သတင်းထောက်တွေကို ထရမ့်ပ်က ပြောပါတယ်။

သူတို့အားလုံး တတ်နိုင်တယ်၊ ဒါပေမဲ့ သူတို့က ၅ ရာခိုင်နှုန်း ပေးသင့်ပြီး ၂ ရာခိုင်နှုန်း မဖြစ်သင့်ဘူးလို့ ထရမ့်ပ်က ဆက်ပြောပါတယ်။

NATO အဖွဲ့ဝင်အများစုဟာ မျှတတဲ့ အစုရှယ်ယာကို မပေးဆောင်ဘူးလို့ ထရမ့်ပ်က အရင် သမ္မတသက်တမ်းမှာကတည်းက မကြာခဏ ပြောဆို ပြစ်တင်ခဲ့တာပါ။

ခုတကြိမ် မဲဆွယ်ကာလအတွင်း NATO ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးမှုတွေ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013